Connect with us

Sport

၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် ဒီဇင်ဘာလ အတွင်း လက်ခံ ကျင်းပသွားမည်

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော် ၌ ဒီဇင်ဘာလ အတွင်း လက်ခံကျင်းပသွားမည် ဖြစ်ပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစားသမား ၃၁၀၀ ကျော်ခန့် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များ တွင် ပါဝင်သည့် အာဆီယံနိုင်ငံ အချင်းချင်း အားကစားမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မာလာစေရေး၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အချင်းချင်း ပညာရပ်အတွေ့အကြုံ များနှင့် ယဉ်ကျေးမှုများကို ဖလှယ်ခွင့်ရရှိရေး ဆိုသည့်အချက်ကိုလည်း သတိထားရန် လိုအပ်ပါ ကြောင်း၊ နိုင်ငံ တစ်နိုင်ငံ၏ Image ကို အားကစားပြိုင်ပွဲများမှကြည့်ပြီး ခန့်မှန်းနိုင်တာဖြစ်သည့် အတွက် အောင်နိုင်ရေးကို အဓိကထားသကဲ့သို့ ယှဉ်ပြိုင်ရာတွင်လည်း သန့်သန့်ရှင်းရှင်း မှန်မှန် ကန်ကန်နှင့် Fair Play ဖြစ်ရန်လည်း လိုအပ်ကြောင်း ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေက အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။

အားကစားပြိုင်ပွဲ၌ မြားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ စစ်တုရင်၊ ဘောလုံး၊ ဂေါက်သီး၊ ကရာတေးဒို၊ ပီတန်း၊ လှေလှော်၊ ပိုက်ကျော်ခြင်း/ ခြင်းလုံး၊ ရေကူး၊ ဝူရှူး၊ စားပွဲတင်တင်းနစ်၊ ဘောလီဘောနှင့် ဗိုဗီနမ် အပါအဝင် အားကစားနည်း ၁၆ နည်းကို ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ (ASEAN University Games-AUG) ကို ၁၉၈၁ ခုနှစ်ကစတင်ပြီး (၂)နှစ် တစ်ကြိမ်ကျင်းပခဲ့ရာမှာ ယခု ၂၀၁၈ ခုနှစ်တွင် (၁၉) ကြိမ် မြောက် ရောက်ရှိပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တက္ကသိုလ်များ အားကစားအဖွဲ့အနေဖြင့် ၂၀၁၀ ခုနှစ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၅) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ပထမဦးဆုံးအနေဖြင့် စတင် ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း ၊ ၎င်းနောက်ပိုင်းတွင် (၁၆)ကြိမ်မြောက် မှ (၁၈)ကြိမ်မြောက်ထိ မြန်မာနိုင်ငံတက္ကသိုလ်များ အားကစားအဖွဲ့အနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည်ကိုလည်း တွေ့ရမည် ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ထည့်သွင်း ပြောကြားခဲ့သည်။

အစည်းအဝေးသို့ ဦးစီးကော်မတီ ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဦးစီး ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.