Connect with us

Economy

တက်ဟုန်း ကုန်သည်ကြီးများ အသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး နေပြည်တော် ရုံးခွဲ ဖွင့်လှစ်

တက်ဟုန်း ကုန်သည်ကြီးများ အသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး နေပြည်တော် ရုံးခွဲအား ဖွင့်လှစ်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

တရုတ် – မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ စီးပွား ကုန်သွယ်ရေး၊ စိုက်ပျိုး မွေးမြူရေး၊ ပို့ဆောင် ဆက်သွယ်ရေး၊ ခရီးသွားလာရေး စသည့် ကဏ္ဍအသီးသီးတွင် ပိုမို ဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင် နိုင်ရေး အတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ တက်ဟုန်း ပြည်နယ်ခွဲ၏ တက်ဟုန်း ကုန်သည်ကြီးများ အသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး နေပြည်တော် ရုံးခွဲကို ဖေဖော်ဝါရီလ ၆ ရက် ညနေ ၄း၀၀ နာရီတွင် နေပြည်တော် ACE Villa အတွင်း၌ ဖွင့်လှစ်ခဲ့သည်။

ထိုသို့ဖွင့်လှစ်ခြင်းဖြင့် နှစ်နိုင်ငံမှ စီးပွားလုပ်ငန်းရှင်များ အကြား ပိုမို လျင်မြန် ကောင်းမွန်သည့် ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်မည်ဟု ယုံကြည်ပါကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံမှူးကြီး မစ္စတာ ချန်းချန် (Mr. Chen Chen) က ပြောသည်။

တက်ဟုန်း ကုန်သည်ကြီးများ အသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး နေပြည်တော် ရုံးခွဲ ဖွင့်လှစ်ပွဲတွင် တက်ဟုန်း ပြည်နယ်ခွဲ ပါတီကော်မတီ အတွင်းရေးမှူး၊ ရွှေလီ နိုင်ငံတော် အထူး အလေးပေး စီးပွားရေး တံခါးဖွင့် စမ်းသပ်ဇုန် ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာ ဝမ်ကျင့်ချွမ်း အမှာ စကား ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံမှူးကြီး မစ္စတာ ချန်းချန်အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

တက်ဟုန်း ကုန်သည်ကြီးများ အသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး နေပြည်တော် ရုံးခွဲ ဖွင့်လှစ်ပွဲ တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

တက်ဟုန်း ပြည်နယ်ခွဲ ပါတီကော်မတီ အတွင်းရေးမှူး၊ ရွှေလီ နိုင်ငံတော် အထူး အလေး ပေး စီးပွားရေး တံခါးဖွင့် စမ်းသပ်ဇုန် ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာ ဝမ်ကျင့်ချွမ်းက ပညာရေး၊ ကျန်းမာရေး အလှူငွေ ကျပ်သိန်းနှစ်ရာကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌထံ ပေးအပ်စဉ် (ဆင်ဟွာ)

ရွှေလီ နိုင်ငံတော် အထူးအလေးပေး စီးပွားရေး တံခါးဖွင့် စမ်းသပ်ဇုန် ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာ ဝမ်ကျင့်ချွမ်းနှင့် ရုံးဖွင့်ပွဲသို့ တက်ရောက်လာသော ဧည့်သည်တော်အချို့ကို တွေ့ရစဉ် (ဆင်ဟွာ)

“ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲဟာ နှစ်နိုင်ငံ နယ်စပ်ရဲ့ ရှေ့ပြေးမှာ ရှိပြီး ရွှေလီ၊ ဝမ်တိန် စတဲ့ အထူး အရေးပါတဲ့ နိုင်ငံတော် အဆင့် နယ်စပ်ဂိတ် နှစ်ခုရှိပါတယ်၊ ဒါကြောင့် ဒီနေ့ဖွင့်လှစ်လိုက်တဲ့ တက်ဟုန်းပြည်နယ် ကုန်သည်ကြီးများ အသင်း နေပြည်တော် ရုံးခွဲဟာ နှစ်နိုင်ငံရဲ့ အချိန်နဲ့ တစ်ပြေးညီ ပူးပေါင်း ဆောင်ရွက်မှု၊ စီးပွားရေးဆိုင်ရာ တိုးတက်မှုများမှာ တုနှိုင်းယှဉ်လို့မရတဲ့ အားသာချက်တွေ ရှိနေပါတယ်၊ တရုတ်သံရုံးအနေနဲ့ ယူနန်ပြည်နယ်နဲ့ မြန်မာနိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေမှာ အစဉ်တစိုက် ပံ့ပိုးကူညီသွားပါမယ်၊ တက်ဟုန်းပြည်နယ် ကုန်သည်ကြီးများ အသင်း နေပြည်တော် ရုံးခွဲရဲ့ လုပ်ငန်းတွေကိုလည်း တရုတ်သံရုံးက လမ်းညွှန်မှုများနဲ့ ပံ့ပိုး ကူညီသွားပါ့မယ်၊ ဒီရုံးခွဲဟာ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အတွက် ပေါင်းကူး တံတား အသစ်တစ်ခု ထိုးပေးခြင်း ဖြစ်ပါတယ်၊ ရုံးခွဲ ဖွင့်လှစ်ခြင်း အားဖြင့် နှစ်နိုင်ငံ လုပ်ငန်းရှင်များအတွက် ပိုမို လျင်မြန် ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်မယ်လို့ယုံကြည်ပါတယ်” ဟု ၎င်းက ရုံးခွဲ ဖွင့်လှစ်ပွဲ အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက တရုတ်နိုင်ငံအနေဖြင့် အတူတကွ တိုးတက်ရေး မူဝါဒကို ကျင့်သုံးနေသကဲ့သို့ လက်ရှိတွင် နိုင်ငံ့စီးပွားရေး တိုးတက်မှုသည် ကမ္ဘာ၌ ရှေ့တန်းသို့ရောက်နေကြောင်း၊ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနေသည့် မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများကလည်း အခွင့်အလမ်းကောင်းများ ရရှိနေချိန်ဖြစ်ရာ တရုတ် – မြန်မာ နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက် ပူးပေါင်း ဆောင်ရွက်မှုများ အကောင်အထည် ဖော်ရန် ကြုံတောင့် ကြုံခဲ့ အခွင့်ကောင်းများ ရနေပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ပြည်သူများက မိမိတို့ချည်း လူမှုဘဝ မြင့်မားဖို့သာ မဟုတ်ဘဲ တခြားနိုင်ငံတွေကိုလည်း အတူတကွ တိုးတက် မြင့်မားစေလိုသည့် ဆန္ဒ ရှိပါကြောင်း၊ တိုးတက်မှု အရှိန်အဟုန်ကို မျှဝေလိုကြောင်း၊ အထူးသဖြင့် အိမ်နီးနားချင်း ဖြစ်သည့် မြန်မာနိုင်ငံမှ ပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာဖို့ကို မျှော်လင့်ပါကြောင်းလည်း သံမှူးကြီး မစ္စတာ ချန်းချန်က ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် တက်ဟုန်းပြည်နယ် ကုန်သည်ကြီးများ အသင်း ရုံးခွဲများကို မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး မြို့များတွင် ဖွင့်လှစ်ထားရှိပြီး ဖြစ်ရာ ယခု နေပြည်တော် ရုံးခွဲသည် စတုတ္ထမြောက် ရုံးခွဲ ဖြစ်ကြောင်း၊ တရုတ် – မြန်မာ နှစ်နိုင်ငံ၏ တရားဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ မူဝါဒများနှင့်အညီ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများ အတူတကွ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေပြည်တော် ရုံးခွဲ ဖွင့်ပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်း ပြည်နယ်ခွဲ ပါတီ ကော်မတီ အတွင်းရေးမှူး မစ္စတာ ဝမ်ကျင့်ချွမ်းနှင့် မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်တို့က ဂုဏ်ပြု အမှာစကားများ ပြောကြားခဲ့ကြသည်။ ဖွင့်ပွဲသို့ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့် ကောင်စီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ပါတီ ကော်မတီ အတွင်းရေးမှူး မစ္စတာ ဝမ်ကျင့်ချွမ်းက နေပြည်တော် ကောင်စီ နယ်မြေအတွင်း ပညာရေးနှင့် ကျန်းမာရေး ကိစ္စရပ်များတွင် အသုံးပြုနိုင်ရန် လှူဒါန်းငွေ ကျပ်သိန်းနှစ်ရာကို တက်ဟုန်းပြည်နယ် ကုန်သည်ကြီးများ အသင်း နေပြည်တော် ရုံးခွဲကိုယ်စား ပေးအပ်ခဲ့ရာ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က လက်ခံရယူခဲ့သည်။ (Xinhua)