Connect with us

Economy

ရန်ကုန်မြစ်ဝမှ ရေမိုင် ၂၀ ခန့် ကွာဝေးသည့် ကမ်းလွန် ပင်လယ်ပြင်တွင် ရေကြောင်းပြ အဆောက်အအုံ တည်ဆောက် ဖွင့်လှစ်


ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ)

ရန်ကုန်မြစ်ဝမှ ရေမိုင် ၂၀ ခန့် ကွာဝေးသည့် ကမ်းလွန် ပင်လယ်ပြင် အခြေစိုက် ရေကြောင်းပြ အဆောက်အအုံ (Offshore Fixed Pilot Station) ဖွင့်လှစ်ခြင်း နှင့် လွှဲပြောင်း လက်ခံခြင်း အခမ်းအနားကို ယနေ့မတ် ၃၀ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ယခု တည်ဆောက် ပြီးစီးသည့် ရေကြောင်းပြ အဆောက်အအုံသည် နိုင်ငံတော် အဆင့် အမာထည် အခြေခံ အဆောက်အအုံများတွင် ပါဝင်ပြီး နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေနိုင်မည် ဖြစ်ကြောင်း ၊ ယခုကဲ့သို့ ပင်လယ်ပြင် အခြေစိုက် ရေကြောင်းပြ အဆောက်အအုံအား နိုင်ငံတကာ အဆင့်မီ စံချိန်စံညွှန်း အရည်အသွေး ပြည့်ပြည့်ဝဝဖြင့် ပြီးမြောက် အောင်မြင်အောင် တည်ဆောက် နိုင်ခဲ့သည့် အတွက် နိုင်ငံတော် အနေဖြင့် ဂုဏ်ယူကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ်-မြန်မာ ပူးပေါင်း ဆောက်လုပ်သည့် အဆိုပါ ရေကြောင်းပြ အဆောက်အအုံသည် မြန်မာနိုင်ငံ နှင့် မြန်မာ ပြည်သူ လူထု၏ ဂုဏ်ယူဖွယ်ရာ ဖြစ်လာပြီး တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှု၏ စံပြ အောင်မြင်မှု မှတ်တိုင် တစ်ခု ဖြစ်လာမည်ဟု ယုံကြည်ကြောင်း အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ထွက် ဆိုက်ကပ်လျှက် ရှိသော ပင်လယ်ကူး သင်္ဘောများအား မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းပြ လုပ်ငန်းများကို နေ့စဉ် ဝန်ဆောင်မှုပေး ဆောင်ရွက်လျှက် ရှိရာ ယခင်က ရန်ကုန်မြစ်ဝမှ ရေမိုင် ၂၀ ခန့် အကွာအဝေး ပင်လယ်ပြင် တွင် ရေကြောင်းပြ သင်္ဘော တစ်စင်းကို အသုံးပြု ဆောင်ရွက်ခဲ့ရသော်လည်း ယခုအချိန်မှ စတင်ကာ ပင်လယ်ပြင် အခြေစိုက် ရေကြောင်းပြ အဆောက်အအုံကို အသုံးပြု၍ ဆောင်ရွက် ပေးနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ရှင်းလင်းပြောကြားစဉ်(ဆင်ဟွာ)

ရေကြောင်းပြမှူးကြီးများ အနေဖြင့် ယခင်ကထက် ပိုမိုပြီး လုံခြုံ စိတ်ချ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် လုပ်ငန်း တာဝန် များကို ဆောင်ရွက်ပေးနိုင်ကြမည့် အပြင် နိုင်ငံတော် အနေဖြင့်လည်း ရေကြောင်းကဏ္ဍတွင် ယခုကဲ့သို့ ခေတ်မီ ကောင်းမွန်သော ရေကြောင်းပြ အဆောက်အအုံ တည်ဆောက်ပေးနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူ နိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးနီအောင် က ယခုအခါ ကမ်းလွန် ပင်လယ်ပြင် အခြေစိုက် ရေကြောင်းပြ အဆောက်အအုံ တည်ဆောက် ပြီးစီးပြီ ဖြစ်သည့် အတွက် တာဝန် ထမ်းဆောင်သည့် ဝန်ထမ်းများနှင့် ရေကြောင်းပြမှူးကြီးများသည် ဘေးအန္တရာယ် လုံခြုံစိတ်ချစွာဖြင့် တာဝန် ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း ၊ တာဝန် ပြီးဆုံးသည့် အခါတွင်လည်း အဆောက်အအုံတွင် အပြည့်အ၀ နားနေနိုင်မည် ဖြစ်ကြောင်း ၊ မြန်မာ့ ပင်လယ်ပြင်တွင် ခေတ်မီ ရေကြောင်းပြ အဆောက်အအုံ တစ်ခု ဂုဏ်ယူစွာ ပေါ်ထွက်လာသည့် အတွက် ရန်ကုန် ဆိပ်ကမ်းသို့ဝင်ထွက် ဆိုက်ကပ်သည့် ရေယာဉ်ကြီးများကို အချိန်အခါ ရာသီမရွေး မောင်းနှင်ပေးနိုင်ခြင်း အားဖြင့် ဆိပ်ကမ်း လုပ်ငန်းများ သွက်လက် မြန်ဆန်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးနီအောင် က ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

အဆိုပါ စီမံကိန်း လုပ်ငန်း ဆောင်ရွက်နိုင်ရန် နိုင်ငံပိုင် သတင်းစာတွင် ကြော်ငြာ ထည့်သွင်းပြီး တင်ဒါ ခေါ်ယူခဲ့ရာတွင် တင်ဒါ ပုံစံ ဝယ်ယူသူ ၁၇ ဦး ရှိခဲ့ပြီး တင်ဒါ တင်သွင်းသူ ၂ ဦးသာ ရှိရာ ယင်းတို့အနက် ကမ်းနီး ၊ ကမ်းဝေး တည်ဆောက် ရေး လုပ်ငန်း အတွေ့အကြုံ များစွာ ရှိသော တရုတ် ပြည်သူ့သမ္မတ နိုင်ငံ၏ ထိပ်တန်း ဆောက်လုပ်ရေး ကုမ္ပဏီ ဖြစ်သည့် China Harbour Engineering ကုမ္ပဏီ လီမိတက်က တင်ဒါ အောင်မြင်ခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၇ ခုနှစ် မတ်လတွင် တည်ဆောက်ခဲ့ကြောင်း ၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် တည်ဆောက်ရေး လုပ်ငန်းများ အားလုံး အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

China Harbour Engineering Co., Ltd. မှ Vice-President ဖြစ်သူ Mr. Pan Qingjiang က ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

China Harbour Engineering Co., Ltd. မှ Vice-President ဖြစ်သူ Mr. Pan Qingjiang က အဆိုပါ စီမံကိန်းအား ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန၏ အားပေးမှု နှင့် အားလုံး၏ ပူးပေါင်း ဆောင်ရွက်မှုများကြောင့် ယခုနှစ် ဖေဖော်ဝါရီလတွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း ၊ အနာဂတ်တွင်လည်း မြန်မာနိုင်ငံအစိုးရ နှင့် ဒေသခံ လုပ်ငန်းရှင်များ နှင့်အတူ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ပြီး အခြေခံ အဆောက်အဦး (infrastructure industry) မှာ ရင်းနှီးမြှုပ်နှံခြင်း ၊ ဒေသ အချက်အလက်များစုစည်းပေးခြင်း စသည့် နည်းလမ်းများဖြင့် မြန်မာနိုင်ငံ infrastructure industry တွင် ပူးပေါင်းပါဝင်လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန် ကမ်းလွန် ပင်လယ်ပြင် အခြေစိုက် ရေကြောင်းပြ အဆောက်အအုံ ဖွင့်လှစ်သည့် အခမ်းအနား ကျင်းပစဉ်(ဆင်ဟွာ)

အဆိုပါ ကမ်းလွန် ပင်လယ်ပြင်အခြေစိုက် ရေကြောင်းပြစခန်း တည်ဆောက်ရေးစီမံကိန်းသည် အလျား ၃၃.၂ မီတာ နှင့် အနံ ၃၀.၄ မီတာ အရွယ်အစားရှိ သံကူ ကွန်ကရစ် သုံးထပ်အဆောက်အအုံ တစ်ခု ၊ ရေယာဉ် အရွယ်အစား GRT ၁၅၀၀ အထိ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတစ်စင်း ၊ မီးစက်၊ ရေသန့်စင်စက်၊ ရေဆိုး သန့်စင်စက် ၊ ရေကြောင်း ဆက်သွယ် ရေး ဆိုင်ရာ ကိရိယာများ ၊ ရေဒါ နှင့် Pilot Boot ၃ စင်း တို့ ပါဝင်ပြီး စီမံကိန်း တန်ဖိုး စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၂၀. ၉ သန်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန် ကမ်းလွန် ပင်လယ်ပြင် အခြေစိုက် ရေကြောင်းပြ အဆောက်အအုံ ဖွင့်လှစ်သည့် အခမ်းအနား ကျင်းပစဉ်(ဆင်ဟွာ)

ကမ်းလွန် ပင်လယ်ပြင် အခြေစိုက် ရေကြောင်းပြ အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ လမှ စတင်ကာ နိုင်ငံတကာ တင်ဒါ ခေါ်ယူဆောင်ရွက်ခဲ့ပြီး တင်ဒါအောင်မြင်သည့် China Harbour Engineering Co., Ltd. သည် ၂၀၁၇ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ကာ ယခုအခါ စီမံကိန်းအား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ လွှဲပြောင်း ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန် ကမ်းလွန် ပင်လယ်ပြင် အခြေစိုက် ရေကြောင်းပြ အဆောက်အအုံ ဖွင့်လှစ်သည့် အခမ်းအနား ကျင်းပစဉ်(ဆင်ဟွာ)

China Harbour Engineering ကုမ္ပဏီမှ Business Development Department Director ဖြစ်သူ Mr.Sun Yasheng က “အရင်ကတော့ ရေကြောင်းပြ အဆောက်အဦ မရှိပါဘူး။ရေကြောင်းပြ သင်္ဘောပဲ ရှိပါတယ်။ ခေတ်နောက်ကျ ပြီး အန္တရာယ် များတယ်။ သင်္ဘော ပင်လယ်ဝကိုရောက်ရင် ရေကြောင်းပြ ဝန်ထမ်း သင်္ဘောနဲ့ ပင်လယ်ဝကို ထွက်ပြီး လမ်းပြ ရတယ်။ ရာသီဥတုဆိုးဝါးတဲ့အခါမှာ ခေတ္တ ရပ်နားနေရတာမျိုးတွေရှိတော့ လုပ်ငန်း နှောင့်နှေး ကြန့်ကြာမှုတွေ ရှိပါတယ်။ အခု ရေကြောင်းပြ အဆောက်အဦ ဆောက်လုပ် ပြီးစီး သွားတာကြောင့် ဒီလို အခက်အခဲတွေ မရှိတော့ပါဘူး။ ရေကြောင်းပြ အဆောက်အဦကြီး တည်ဆောက် ပြီးစီး သွားတဲ့အတွက် ပထမဆုံး အနေနဲ့ ရေကြောင်းပြ ဝန်ထမ်းတွေ အတွက်တော့ အဆင်ပြေ လုံခြုံမှုတွေကို တိုးမြှင့် ပေးနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံ ကုန်ပစ္စည်း တင်ပို့မှု အတွက်လည်း အထောက်အကူ အများကြီး ဖြစ်စေမှာ ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။

ရေကြောင်းပြမှူးကြီး ဦးနိုင်တိုးက သတင်း မီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ)

China Harbour Engineering ကုမ္ပဏီမှ Business Development Department Director ဖြစ်သူ Mr.Sun Yasheng က သတင်း မီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ)

China Harbour Engineering ကုမ္ပဏီမှ Business Development Department Director ဖြစ်သူ Mr.Sun Yasheng က သတင်း မီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ)

ရေကြောင်းပြမှူးကြီး ဦးနိုင်တိုးက “အရင်တုန်းကရှိတဲ့ pilot vessel နှစ်စီးဟာ နောက်ပိုင်းမှာ ကြံ့ခိုင်ရေး အားနည်းလာပြီး ရာသီဥတု ဆိုးရွား တဲ့အချိန်မှာ pilot တွေနဲ့ pilot vessel ပေါ်မှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေကို ဘေးကင်းရာကို ရွေ့ပြောင်း တဲ့အခါမျိုးမှာ ဆိပ်ကမ်းမှာ ပိတ်ဆို့မှုတွေဖြစ်ပြီး အထဲကိုဝင်တဲ့ သဘောၤတွေကို အနှောင့် အယှက် ဖြစ်စေတဲ့ အတွက် pilot vessel အစား ပင်လယ်မြေ အခြေစိုက် ရေကြောင်းပြ စခန်းဆိုပြီး offshore fixed pilot station ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ စပြီးတော့လုပ်ဖို့ တင်ဒါစနစ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ကြပြီး CHEC က ဒီ station ဆောက်ဖို့ စတင်ဆောင်ရွက်ခဲ့ပါတယ်။”ဟု ပြောကြားခဲ့သည်။ရန်ကုန် ဆိပ်ကမ်းသည် မြန်မာနိုင်ငံ ပင်လယ် ရေကြောင်း ကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းကျော် ကိုင်တွယ်နေသော ဆိပ်ကမ်း ဖြစ်ပြီး နေ့စဉ် နိုင်ငံတကာ ပင်လယ်ကူး ရေယာဉ်ကြီးများ ဝင်ထွက် ဆိုက်ကပ်နေကြကြောင်း သိရသည်။(Xinhua)