Connect with us

Economy

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ်အစည်းအဝေး ကျင်းပ

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ ကျင်းပစဉ်(ဓာတ်ပုံ-Myanmar State Counsellor Office)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ်အစည်းအဝေးအား ယနေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ရာ ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဦးဆောင် အကောင်အထည်ဖော်မည့် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းမှာ ကမ္ဘာ့နိုင်ငံ (၆၀)ကျော် ပါဝင်ပတ်သက်လျက်ရှိပြီး အခြေခံ အဆောက်အအုံ ဆက်သွယ်ရေးသာမက ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မည့် ကျယ်ပြန့်သော အစီအစဉ် တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ပထဝီ အနေအထားအရရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတွင် မဟာဗျူဟာကျသည့် နေရာ၌တည်ရှိနေသည့်အတွက် ပါဝင်ဆောင်ရွက်သွားရန် ရှိကြောင်း ၊ ပူးပေါင်း ဆောင်ရွက်မှုများသည် မြန်မာနိုင်ငံအတွက်သာမက ဒေသအတွက် ကိုပါ အကျိုး ဖြစ်ထွန်း စေမည့် အခွင့်အလမ်းများ ပေါ်ပေါက်လာစေနိုင်ကြောင်း ပြောကြား ခဲ့သည်။

စီမံကိန်းများကိုဆောင်ရွက်ရာတွင် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက် မျှမျှတတ ဖြစ်အောင် မဟာဗျူဟာနှင့် နည်းဗျူဟာများ ချမှတ် ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအား အကောင်အထည်ဖော်ဆောင် ရွက်ရာတွင်ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ချက်ကို အလေးပေး ပြောကြားလိုကြောင်း ၊ စီမံကိန်းများကိုဆောင်ရွက်ရာတွင် ပြည်သူများ အတွက် ရေတိုအကျိုးဖြစ်ထွန်းရေးသာမက ရေရှည်အကျိုးကိုပါ ရှုထောင့် အမျိုးမျိုးက လေ့လာ စိစစ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း အောက်တွင် ဆောင်ရွက်မည့် စီမံကိန်းများသည် နိုင်ငံ၏ အမျိုးသား စီမံကိန်းများ၊ မူဝါဒများ၊ ပြည်တွင်းလုပ်ထုံးလုပ်နည်းများနှင့် လိုက်လျောညီထွေမှုရှိရန် လိုအပ်ကြောင်း စသည်ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထည့်သွင်းပြောကြားခဲ့သည်။

ဦးဆောင်ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းနှင့် ပတ်သက်၍ ဒေသတွင်းနိုင်ငံများ၏ အတွေ့အကြုံများကို ဦးစွာ လေ့လာပြီး မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် အမှန်တကယ်လိုအပ်ပြီးပြည်သူ လူထု အတွက် အကျိုးဖြစ်ထွန်း မှုရှိစေမည့် စီမံကိန်းများ၊ လုပ်ငန်းစဉ်များကိုမှန်ကန်စွာ ရွေးချယ် သွားကြရန် ဖြစ်ကြောင်း၊ ရပ်ဝန်းနှင့်လမ်းကြောင်း အစီအစဉ်ကို ကြီးကြပ်ကွပ်ကဲရေး၊ အကောင်အထည်ဖော်ရေး တို့အတွက် ဖွဲ့စည်းထားရှိသည့် ကော်မတီ အသီးသီးက လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အချိတ်အဆက်မိမိ ညှိနှိုင်းဆောင်ရွက်ကြမှသာလျှင် ပိုမို ထိရောက်မှု ရှိမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် စီမံကိန်းလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်ကြရာတွင် အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းနှင့်ပြည်နယ် ဒေသကြီးအစိုးရအဖွဲ့များအကြား ပိုမို ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်ရေးသည် အရေးကြီးကြောင်း ထည့်သွင်း ပြောကြားသည်။

ထို့အတူ အစည်းအဝေးတွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေး လုပ်ငန်းတိုးတက်မှု အခြေအနေနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က လည်းကောင်း၊ မြန်မာ-တရုတ် စီးပွားရေးစြင်္ကံအကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ လုပ်ငန်း တိုးတက်မှု အခြေအနေများကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ကလည်း ကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ကျင်းပ ပြုလုပ်မည့် ဒုတိယအကြိမ်၊ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်နှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်ရန် အခြေအနေများကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။

အစည်းအဝေးသို့ ဦးဆောင်ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေ၊ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေ ချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)