Connect with us

Politics

တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်း ဆက်လက် ဆောင်ရွက် နေခြင်းကို ထောက်ခံအားပေးကြောင်း တရုတ် နိုင်ငံ အထူးသံ ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးသံအမတ်ကြီး ဆွန်းကော်ရှန် (ဝဲ) အား ဆင်ဟွာ သတင်းဌာနမှ တွေ့ဆုံမေးမြန်းစဉ် (ဆင်ဟွာ)

ပေကျင်း ၊ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးသံအမတ်ကြီး မစ္စတာ ဆွန်းကော်ရှန် (Mr.Sun Guoxiang) အား ဇူလိုင် လ ၁၁ ရက်နေ့၌ ဆင်ဟွာ သတင်းဌာန က တွေ့ဆုံ မေးမြန်း ခဲ့ရာတွင် ၎င်းက မြန်မာ နိုင်ငံ ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရ စတင် တာဝန် ထမ်းဆောင်ချိန်မှ စ၍ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တွန်းအားပေး ဆောင်ရွက်ခဲ့လျက်ရှိပြီး လက်ရှိချိန်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်နေသော အရေးကြီးသည့် အချိန် သို့ရောက်ရှိနေသည်ကို တွေ့ရကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်လက် ဆောင်ရွက်နေခြင်းကို ထောက်ခံ အားပေးကြောင်း ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရပြီးနောက် အင်အားကြီးနှင့် အင်အားငယ် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ ပေါ်ပေါက် ခဲ့ရသည်။ ၎င်းတို့ အားလုံး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင်လည်း အားလုံးပါဝင် လက်မှတ် ထိုးခြင်း မရှိခဲ့သောကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းရေး မရရှိသေးဘဲ NLD အစိုးရ စတင် တာဝန် ထမ်းဆောင်ချိန်မှ စ၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ ကျင်းပ နိုင်ရေးကို အစွမ်းကုန် အားပေး ဆောင်ရွက်ကာ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးအတွက် တိုက်တွန်းအားပေးလျက် ရှိသည်။
ထို့ပြင် ဆွန်းကော်ရှန် က တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အစဉ်တစိုက် ဂရုပြု ထောက်ခံအားပေး ခဲ့ပြီး ငြိမ်းချမ်းရေး အတွက် ဆွေးနွေးမှု အားပေးရေး ဆိုသော မူကို ဆက်လက် ကိုင်တွယ်နေကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေးကို အခြေခံ၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး နှင့် လူမှုဘဝ မြှင့်တင်ရေးများကို ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့်လည်း မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ဆောင်ရွက်မှု တွင် ထောက်ခံအားပေးသူ နှင့် တွန်းအားပေး ဆောင်ရွက်သူ ဖြစ်လိုကြောင်း ပြောကြား ခဲ့သည်။
ထို့နောက်တွင် ဆွန်းကော်ရှန် က မြန်မာ နိုင်ငံ ပြည်တွင်း အခြေအနေ မည်သို့ပြောင်းလဲသည် ဖြစ်စေ ၊ နိုင်ငံတကာ အခြေအနေ မည်သို့ ပြောင်းလဲသည် ဖြစ်စေ တရုတ် နိုင်ငံ မှ မြန်မာ နိုင်ငံ အပေါ် ထားရှိသည့် ချစ်ကြည်ရေး မူဝါဒ သည် ပြောင်းလဲမည် မဟုတ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ သည် ရေမြေခြင်း ထိစပ်နေပြီး ရိုးရာချစ်ကြည်ရေးသည်လည်း အစဉ်အလာ ရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ၏ အိမ်နီးချင်းကောင်း ၊ မိတ်ဆွေကောင်း ၊ မိတ်ဖက်ကောင်း အဖြစ် ဆက်လက်ရှိနေမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေး တွင် ကူညီ အားပေးရန် တက်ကြွသော ၊ ထူးခြားသော အပြုသဘောဆောင် အခန်းကဏ္ဍ၌ အစဉ်တစိုက် ပါဝင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
မြန်မာ နိုင်ငံ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် (NLD)အစိုးရက ယခု နှစ် မေလပိုင်းတွင် “အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန” ကို စတင် ဖွဲ့စည်းရန် ဆောင်ရွက် ခဲ့ပြီး သြဂုတ်လ ကုန်ပိုင်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ ကျင်းပ နိုင်ရန် စီစဉ်ခဲ့ကြောင်း ၊ ယင်းဆောင်ရွက်မှုများသည် ရေရှည်ငြိမ်းချမ်းရေး ဖြစ်မြောက်ရေး အတွက် ဆောင်ရွက်မှု ဖြစ်ကြောင်း ၊ နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှလည်း အမျိုးသား သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး အတွက် အားလုံး ပါဝင်ရေး လိုအပ်ပါကြောင်းကို အထူးပြောကြားခဲ့ကြောင်း ၊ ထို့ပြင် ပိုမို များပြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ NCA စာချုပ်တွင် ပါဝင်လာရေး နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင် အားလုံးပါဝင်ရေးကို တိုက်တွန်းပန်ကြား ခဲ့သည်။
ဆွန်းကော်ရှန် က မြန်မာနိုင်ငံ အစိုးရသည် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အရေးကြီးလုပ်ငန်း ဆောင်ရွက်မှု အဖြစ် ထားရှိသည် ကို သိမြင်နိုင်ကြောင်း ၊ ငြိမ်းချမ်းမှု မရှိလျှင် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ခြင်းမရှိဘဲ လူမှုဘဝ မြှင့်တင်ရေးကိုလည်း ဆောင်ရွက်နိုင်မည် မဟုတ်သည့် သဘောထား အမြင်ထားရှိသည်ကို သိမြင်နိုင်ကြောင်း ၊ ငြိမ်းချမ်းရေး အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် မြန်မာ နိုင်ငံ ၏ အကျိုးစီးပွား နှင့် ကိုက်ညီမှုရှိကြောင်း ပြောကြား ခဲ့သည်။
ထို့နောက်တွင် ဆွန်းကော်ရှန် က မြန်မာ နိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးသည် မြန်မာ နိုင်ငံ ပြည်တွင်းရေးရာ ဖြစ်ပြီး ပါတီများ ၊ တိုင်းရင်းသားများ နှင့် အဖွဲ့အစည်း အသီးသီးတို့ ညှိနှိုင်း ဆောင်ရွက်သွား ရမည် ဖြစ်ကြောင်း ၊ ဆွေးနွေးမှု များမှ တစ်ဆင့် သဘောထား ကွဲလွဲမှုများကို လျှော့ချကာ ယုံကြည်မှုကို တည်ဆောက်ရမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ရှိ အဘက်ဘက် အဖွဲ့အစည်း များအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ ဦးတည်ချက် ကို ပြောင်းလဲ၍မရခြင်း နှင့် ရပ်တန့်၍ မရခြင်း ကို သိရှိရန်လိုအပ်ကြောင်း ၊ စစ်ပွဲများသည် ထွက်ပေါက် မဟုတ်သည့် အပြင် မရွေးချယ် သင့်သောနည်းလမ်း ဖြစ်ကြောင်း ၊ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် အငြင်းပွားမှုကို ဖြေရှင်းသွားရမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ၏ မိတ်ဆွေ အိမ်နီးချင်း နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံသည် ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွင် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးမှု အားပေးရေး ဆိုသောမူ အစဉ်အမြဲထားရှိခဲ့ပြီး မြန်မာ နိုင်ငံ အဘက်ဘက် အဖွဲ့အစည်းများမှ နိုင်ငံရေး ဖြေရှင်းမှု နည်းလမ်း အမြန် ရရှိနိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)