Connect with us

Politics

မြန်မာနိုင်ငံ၏ (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့၌ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် တို့လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ခေါင်းဆောင်များ ဖြစ်ကြသည့် သမ္မတ ရှီကျင့်ဖိန် ၊ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့က ယနေ့ဇန်နဝါရီလ ၄ ရက်တွင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီး ပေးပို့ခဲ့သည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်ထံသို့သဝဏ်လွှာ ပေးပို့ရာတွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သော ၆၈ နှစ်ပြည့်မြောက်သည့် အခါ သမယတွင် တရုတ်ပြည်သူများ၏ ကိုယ်စား အဆွေတော် ဦးသိန်းစိန် နှင့် မြန်မာ ပြည်သူများအတွက် ဝမ်းမြောက်ပါကြောင်း နှင့် ဆုတောင်း မေတ္တာ ပို့သလိုက်ပါကြောင်း ၊ မိမိတို့နှစ်နိုင်ငံ၏ လက်တွဲ ကြိုးပမ်းမှုဖြင့် တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်ရေး ဆက်ဆံမှုသည် ဆက်တိုက် နက်ရှိုင်းစွာ ဖွံ့ဖြိုး တိုးတက်လာခဲ့ကြောင်း ၊ နှစ်ဘက် လက်တွဲကြိုးပမ်းမှုဖြင့် တရုတ်-မြန်မာ ဆက်ဆံမှုသည် တစ်နေ့တခြား ကောင်းမွန်လာပြီး နှစ်နိုင်ငံ အတွက် ၊ နှစ်နိုင်ငံ ပြည်သူများ အတွက် ပိုမိုများပြားသည့် ချမ်းမြေ့ သာယာမှု ဆောင်ကြဉ်းလာမည်ဟု ယုံကြည်ပါကြောင်း သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် နှင့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် တို့ လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၏ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်ထံသို့ပေးပို့သော သဝဏ်လွှာတွင် တရုတ်နိုင်ငံ အစိုးရ ကိုယ်စား မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် မြန်မာ နိုင်ငံ အစိုးရအတွက် ဝမ်းမြောက်ပါကြောင်း နှင့် ဆုတောင်း မေတ္တာ ပို့သလိုက်ပါကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ နှင့်အတူ မဟာ ဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှု တစ်ဆင့် တိုးပွားစေရေး ၊ လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှု အလေးထား ပြုလုပ်ရေး နှင့် တရုတ်-မြန်မာ ဆက်ဆံရေးတွင် ပိုမို ကြီးမားသည့် တိုးတက်မှု ရရှိနိုင်ရေးကို တွန်းအားပေးရန် လက်တွဲကြိုးပမ်းလိုပါကြောင်း သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့လက်ဆွဲ နှုတ်ဆက် နေစဉ် (ဆင်ဟွာ)

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံသို့သဝဏ်လွှာ ပေးပို့ရာတွင် တရုတ်-မြန်မာ ဆက်ဆံမှုသည် ကောင်းမွန်စွာ တိုးတက်လာသကဲ့သို့နယ်ပယ် အသီးသီးတွင် နှစ်နိုင်ငံ၏ ကူးလူးဖလှယ်မှု နှင့် ပူးပေါင်း ဆောင်ရွက်မှု တို့သည် အဆက်မပြတ် နက်ရှိုင်းလာပြီး နှစ်နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီး ဌာနတို့သည်လည်း နွေးထွေးသော ညှိနှိုင်း ဆောင်ရွက်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တို့ကို ပြုလုပ်ခဲ့ကြကြောင်း ၊ အဆွေတော် ဦးဝဏ္ဏမောင်လွင် နှင့်အတူ တရုတ်-မြန်မာ ဆက်ဆံမှု ခြေလှမ်း မှန်မှန်နှင့် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် မလျှော့သော ဇွဲဖြင့် ဆက်လက် ကြိုးပမ်းလိုပါကြောင်း သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။ (Xinhua)