Connect with us

Politics

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ နှင့် တရုတ် နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းတို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

တရုတ် နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အထွေထွေ အတွင်းရေးမှူး ရှီကျိန့်ဆွမ့်(Xu Zhensui) နှင့် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ သစ်တောနှင့် စွမ်းအင် ဝန်ကြီး ဦးဟံထွန်း တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ နှင့် တရုတ် နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFPD) တို့သည် အသက်မွေးဝမ်းကြောင်း ကဏ္ဍ ဆိုင်ရာ စီမံကိန်း ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် သြဂုတ်လ ၁၃ ရက်နေ့၌ လက်မှတ်ရေးထိုး ခဲ့သည်။ အခမ်းအနား တွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး အလည်ပတ်ခရီး ရောက်ရှိနေသည့် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း (Mr.Song Tao) နှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက် ခဲ့ပါသည်။

နားလည်မှု စာချွန်လွှာအရ တရုတ် နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း မှ လာမည့် ၃ နှစ်တာ ကာလ အတွင်း အမေရိကန် ဒေါ်လာ ၅၀၀,၀၀၀ ကို ဒေါ်ခင်ကြည် ဆေးရုံ ပြုပြင် မွမ်းမံရေး လုပ်ငန်များ ၊ ပစ္စည်း ကိရိယာ အဆင့်မြှင့် တင်ခြင်း နှင့် ဝန်ထမ်း ပြုစု ပျိုးထောင်ခြင်း လုပ်ငန်းများ နှင့် မှော်ဘီ မြို့နယ် တွင် မူလတန်းကျောင်း တည်ဆောက်ခြင်း စသည်တို့တွင် အသုံးပြုရန် ရည်ရွယ်ကာ လှူဒါန်းမည် ဖြစ်ကြောင်း သိရှိ ခဲ့ရသည်။

အခမ်းအနားတွင် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အထွေထွေ အတွင်းရေးမှူး ရှီကျိန့်ဆွမ့် (Xu Zhensui) က မိမိတို့ ဖောင်ဒေးရှင်းသည် တရုတ်နိုင်ငံ အရပ်ဘက် ဖောင်ဒေးရှင်း တစ်ခု ဖြစ်ကာ ဖောင်ဒေးရှင်း၏ ဘဏ္ဍာငွေ များသည် အရပ်ဘက် လုပ်ငန်းရှင်များ မှ လှူဒါန်ခြင်း ဖြစ်ပြီး အစိုးရ မှ ထောက်ပံ့ခြင်း မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

အသက်မွေးဝမ်းကြောင်း ကဏ္ဍ ဆိုင်ရာ စီမံကိန်း ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို တရုတ် နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အထွေထွေ အတွင်းရေးမှူး ရှီကျိန့်ဆွမ့် နှင့် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ သစ်တောနှင့် စွမ်းအင် ဝန်ကြီး ဦးဟံထွန်း တို့မှ လက်မှတ်ရေး ထိုးခဲ့ကြ ပါသည်။ (Xinhua)