Connect with us

Social

မျက်စိ ဝေဒနာရှင်များအား အခမဲ့ ကုသပေးမည့် ၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ် ရှမ်းပြည်နယ် တောင်ပိုင်း၌ ပထမဆုံး အကြိမ် စတင် အကောင်အထည်ဖော် ဆောင်ရွက်

၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ် ဖွင့်ပွဲ အခမ်းအနား အား တွေ့ ရစဉ် (ဆင်ဟွာ)

တောင်ကြီး ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ မျက်စိ အထူးကု ဆရာဝန် အဖွဲ့မှ မြန်မာနိုင်ငံရှိ မျက်စိ အတွင်းတိမ် လူနာများအား အခမဲ့ ကုသပေးမည့် ၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ်အား ရှမ်းပြည်နယ် တောင်ပိုင်း၌ ပထမဆုံး အကြိမ် အဖြစ် ယနေ့အောက်တိုဘာ ၁၉ ရက်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ် ဖွင့်ပွဲ အခမ်းအနားအား တောင်ကြီးမြို့ရှိ စဝ်စံထွန်း ဆေးရုံကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် အစိုးရ အဖွဲ့လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်းက အဖွင့် အမှာစကား ပြောကြားရာတွင် မျက်စိ ဝေဒနာရှင် စုစုပေါင်း ၃၀၀ ဦးခန့်တို့ကို ကုသမှု ပြုလုပ်ပေးသွားမည် ဖြစ်သည့် အတွက် ဒေသခံ ပြည်သူလူထု ကိုယ်စား ဝမ်းမြောက်မိပါကြောင်း ကျေးဇူးတင်စကား ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယခု ခရီးစဉ်၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ အမြင်အာရုံ ဆုံးရှုံးသွားသည့် အတွင်းတိမ် ရောဂါ ဝေဒနာရှင်များ အတွက် အမှောင်ခွင်း အလင်းဆောင် ပေးပြီး ကမ္ဘာကြီး နှင့် တခြားသူများ နှင့် အဆက်အသွယ် ပြုလုပ်ပေးသော ပေါင်းကူးတံတားကို ပြန်လည် ပြုပြင် ပေးခြင်း ဖြစ်ကြောင်း ၊ ၎င်းတို့၏ ပရဟိတ လုပ်ဆောင်ချက်များက တရုတ်-မြန်မာ ချစ်ကြည်ရေး မြှင့်တင်ရေး ၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ပိုမို နက်ရှိုင်းစေရေး အတွက် များစွာ အထောက်အကူ ပြုမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ် ဖွင့်ပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရ အဖွဲ့လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်းက အဖွင့် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ် ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က အဖွင့် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ် ဖွင့်ပွဲ အခမ်းအနားအား တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်(ဆင်ဟွာ)

၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ် ဖွင့်ပွဲ အခမ်းအနားတွင် စုပေါင်း မှတ်တမ်းတင် ရိုက်ကူးစဉ်(ဆင်ဟွာ)

စဝ်စံထွန်း ဆေးရုံ၌ လာရောက် ကုသမှု ခံယူသည့် မျက်စိ ဝေဒနာရှင်များအား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီးက လိုက်လံ ကြည့်ရူစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ မျက်စိ အထူးကု ဆရာဝန်များက မြန်မာနိုင်ငံမှ မျက်စိ ဝေဒနာရှင်များအား ခွဲစိတ် ကုသမှုများ ပြုလုပ်ပေးနေစဉ်(ဆင်ဟွာ)

၂၀၁၅-၂၀၁၇ ခုနှစ် ၂ နှစ်တာ ကာလ အတွင်း တရုတ် ဆေးကုသရေး နှင့် ပရဟိတ အဖွဲ့အစည်းပေါင်း ၁၀ ခုခန့်မြန်မာနိုင်ငံသို့လာရောက်၍ အလင်းရောင် ခရီးစဉ် ပရဟိတ လှုပ်ရှားမှု ၂၈ ကြိမ် လုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံမှ အတွင်းတိမ် ဝေဒနာရှင်ပေါင်း ၆၀၀၀ နီးပါး အတွက် လာရောက် ခွဲစိတ် ကုသပေးခဲ့ကာ မြန်မာ နိုင်ငံရှိ မိသားစုပေါင်း ထောင်နှင့်ချီ အတွက် ဘ၀ အလင်းရောင် မျှော်လင့်ချက်များ ထွန်းလင်းစေခဲ့ကြောင်း သိရသည်။

၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ်အား တောင်ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံကြီး၌ အောက်တိုဘာ ၁၉ ရက်မှ ၂၄ ရက်အထိ ဒေသခံ မျက်စိ အထူးကု ဆရာဝန်ကြီးများ နှင့် အတူ မျက်စိ ဝေဒနာ အတွင်းတိမ် ခံစားနေရသည့် တိုင်းရင်းသား ပြည်သူများအား မျက်စိ အခမဲ့စစ်ဆေးပေးခြင်း ၊ နောက်ဆုံးပေါ် နည်းစနစ်များဖြင့် မျက်စိ အတွင်းတိမ် အခမဲ့ ခွဲစိတ် ကုသပေးခြင်းများကို ဒေသခံ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အကောင်အထည် ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုမျက်စိ အလင်းပြ ခရီးစဉ်အား တောင်ကြီးမြို့၌ အကောင်အထည်ဖော် ဆောင်ရွက်ပြီးနောက် နေပြည်တော်သို့သွားရောက်၍ မျက်စိ အတွင်းတိမ် ဝေဒနာရှင် ၂၀၀ ဦးအား ခွဲစိတ် ကုသမှုများ ဆက်လက် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ်အား မြန်မာနိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ သမ္မတ နိုင်ငံ သံရုံး၏ အစီအစဉ်ဖြင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ အမျိုးသား ကျန်းမာရေး နှင့် မိသားစု စီမံကိန်း ကော်မတီ ၊ တရုတ် နိုင်ငံ ဟောင်ကောင် အထူး အုပ်ချုပ်ခွင့်ရ ဒေသရှိ LIFELINE EXPRESS FOUNDATION(CHINA) ၊ လေးကျွန်းသူ ဖောင်ဒေးရှင်း(မြန်မာ) အသင်း နှင့် အတူ နမ့်ခုံး ရှမ်းများ ပရဟိတ အသင်း ၊ ပအိုဝ် လူငယ်များ အသင်း ၊ ဓနု လူငယ်များ အသင်း နှင့် ကြက်ခြေနီ အသင်းတို့ပူးပေါင်း ပါဝင် ကူညီလျက် တရုတ်နိုင်ငံ HENAN PROVINCIAL PEOPLE’S HOSPITAL မှ မျက်စိ အထူးကု ဆရာဝန် အဖွဲ့မှ မြန်မာနိုင်ငံသို့လာရောက်ကာ မျက်စိ အတွင်းတိမ် အခမဲ့ ခွဲစိတ် ကုသပေးခြင်း ဖြစ်သည်။

မျက်စိ အလင်းပြ ခရီးစဉ် ဖြင့် စဝ်စံထွန်း ဆေးရုံ၌ လာရောက် ကုသမှု ခံယူသည့် ဆရာတော် အရှင် ကုမာရ က မျက်စိ တစ်ဘက်မှာ အတွင်းတိမ် ဖြစ်နေ၍ ယခုကဲ့သို့လာရောက် ကုသမှု ခံယူခြင်း ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံမှ နောက်ဆုံးပေါ် စက်များဖြင့် အခမဲ့ ကုသပေးသည်ကို တွေ့ရပြီး ယခုကဲ့သို့ကုသပေးမှု အပေါ် များစွာ ကျေးဇူး တင်ပါကြောင်း ပြောကြားခဲ့သည်။

လင်းခေးမြို့နေ ဦးစိုင်းထွန်းမတ်က “မျက်စိက တိမ်ဖုံးတယ်ပဲ ပြောရမှာပေါ့။အခုကတော့ လုံးလုံး မမြင်ရဘူး။ဓာတ်မီးနဲ့ထိုးမှပဲ မြင်တယ်။တရုတ်နိုင်ငံက ဆရာဝန်တွေ လာကုမယ် ဆိုတာ ကျွန်တော်တို့သတင်းကြားပြီးတော့ စာရင်း သွားပေးဖြစ်ပါတယ်။အခုလို လုပ်ပေးတာ အရမ်း အကျိုးရှိပါတယ်။ကျွန်တော် ကိုယ်တိုင်လဲ မျက်စိ ပြန်မြင်ပြီးတော့ အများအကျိုးတွေ လုပ်နိုင်မယ်။တရုတ်က လာကုပေးတာ အများကြီး ကျေးဇူးတင်ပါတယ်။နောက်ဆုံးပေါ် စက်ကရိယာနဲ့ခွဲစိတ်ပေးမယ် ဆိုတော့ အများကြီး ကျေးဇူးတင်ပါတယ်။တရုတ်-မြန်မာ ချစ်ကြည်ရေးကို ပိုကောင်းစေတယ်လို့လဲ ယုံကြည်ပါတယ်ဗျာ။”ဟု ဆင်ဟွာသတင်းဌာန၏ မေးမြန်းမှုအား ဖြေကြားခဲ့သည်။

ထိုဖွင့်ပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရ အဖွဲ့လူမှုရေး ဝန်ကြီးက ခရီးစဉ် ဖြစ်မြောက်ရေး အဓိက ကူညီ ပံ့ပိုးပေးသော LIFELINE EXPRESS FOUNDATION နှင့် အစီအစဉ်အား အဓိက ကူညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးသော လေးကျွန်းသူ ဖောင်ဒေးရှင်း တို့အား ဂုဏ်ပြု မှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့သည်။

၂၀၁၇ ခုနှစ် မျက်စိ အလင်းပြ ခရီးစဉ် အတွက် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး သံအမတ်ကြီး မစ္စတာ ဟုန်လျန်က လေးကျွန်းသူ ဖောင်ဒေးရှင်းသို့ငွေကျပ် သိန်း ၂၀၀ အား အောက်တိုဘာ ၁၈ ရက်တွင် လှူဒါန်း ပေးအပ်ခဲ့သည်။

၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ် ဖွင့်ပွဲ အခမ်းအနားသို့ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်၏ ဇနီးဖြစ်သူ ဒေါက်တာ နန်းရွှေမြင့် နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ သံအမတ်ကြီး နှင့် တာဝန်ရှိသူများ ၊ လေးကျွန်းသူ ဖောင်ဒေးရှင်း အဖွဲ့ဝင်များ ၊ တရုတ်နိုင်ငံ HENAN PROVINCIAL PEOPLE’S HOSPITAL မှ မျက်စိ အထူးကု ဆရာဝန်/ဆရာမ များနှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် တာဝန်ရှိသူများ ၊ ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.