Connect with us

Asia

စင်ကာပူနိုင်ငံဝန်ကြီးချုပ် နှင့် တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး တို့တွေ့ဆုံ ၊ အာဆီယံ-တရုတ်ဆက်ဆံရေး ခိုင်မာအောင် ဆောင်ရွက်

စင်ကာပူနိုင်ငံဝန်ကြီးချုပ်လီရှန်လွန်း နှင့် တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Chang Wanquan တို့ လက်ဆွဲနှုတ်ဆက်စဉ်(ဆင်ဟွာ)

စင်ကာပူ ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ)

စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းသည် စင်ကာပူနိုင်ငံသို့အလည်အပတ်ခရီးရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ချန်ဝမ်ကွမ်း ( Chang Wanquan) အား ဖေဖော်ဝါရီ ၇ ရက်တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် လီရှန်လွန်းက ကမ္ဘာ့ရေးရာများ နှင့် ဒေသတွင်းရေးရာ နှစ်ခုစလုံးတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါကြောင်း ပြောကြားခဲ့ပြီး စင်ကာပူနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို စွဲကိုင်ထားကြောင်း ၊ ၂ဝ၁၃ ခုနှစ်တွင် တရုတ်နိုင်ငံက အဆိုပြုခဲ့သော ခေတ်သစ်ပိုးလမ်းမဖော်ဆောင်မှု၌ ပါဝင်ဆောင်ရွက်ခြင်း နှင့် ထောက်ခံအားပေးခြင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံဝန်ကြီးချုပ်လီရှန်လွန်း နှင့် တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Chang Wanquan တို့ဦးဆောင်သော နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့စုပေါင်းဓာတ်ပုံရိုက်ကူးနေစဉ်(ဆင်ဟွာ)

အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ နှင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို ရယူထားသော စင်ကာပူနိုင်ငံအနေဖြင့် အာဆီယံ နှင့် တရုတ် နိုင်ငံအကြား အနာဂတ်ဆက်ဆံရေး တိုးမြှင့်သွားမည်ဖြစ်ကြောင်း လီက ဆိုသည်။တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ချန်က တရုတ်-စင်ကာပူ ဆက်ဆံရေးသည် နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်မှု နှင့် နယ်ပယ်အားလုံးတိုးတက်မှု ရှိခဲ့သည်မှာ မျက်မြင်ပင်ဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် စင်ကာပူနိုင်ငံနှင့်အတူ အမျိုးသားလုံခြုံရေး နှင့် ကာကွယ်ရေး ၊ နိုင်ငံရေးအရအပြန်အလှန်ယုံကြည်မှု မြှင့်တင်ရေး တို့ကို ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ၊ အချိန်နှင့်အမျှ နယ်ပယ်အားလုံး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို တွန်းအားပေးသွားရမည်ဖြစ်ကြောင်း နှင့် တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ဆံရေးကို အဆင့်အတန်းအသစ် တစ်ခုထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ချန်သည် စင်ကာပူနိုင်ငံသို့တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေခြင်းဖြစ်သည်။ စင်ကာပူနိုင်ငံ၌ ရှိနေစဉ် ဖေဖော်ဝါရီ ၁၂ ရက်တွင် စင်ကာပူနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Ng Eng Hen နှင့် လည်းကောင်း ၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် ၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကာကွယ်ရေးဝန်ကြီးများ၏ အလွတ်သဘောဆွေးနွေးပွဲသို့လည်းကောင်း တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)