Connect with us

Asia

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် နီပေါနိုင်ငံ သမ္မတ မစ္စစ်ဘီဒီယာ ဒေဗီဘန်ဒါရီ တွေ့ဆုံဆွေးနွေး၊  တရုတ်-နီပေါ  နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ထောင်ရန် အတူ ကြေညာ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် နီပေါနိုင်ငံ သမ္မတ မစ္စစ်ဘီဒီယာ ဒေဗီဘန်ဒါရီ (Bidya Devi Bhandari) တို့ အောက်တိုဘာ ၁၂ရက် က ခတ္တမန္ဒူမြို့ သမ္မတ အိမ်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် နီပေါနိုင်ငံ သမ္မတ မစ္စစ်ဘီဒီယာ ဒေဗီဘန်ဒါရီ (Bidya Devi Bhandari)တို့သည် အောက်တိုဘာ ၁၂ ရက်က ခတ္တမန္ဒူမြို့ သမ္မတ အိမ်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ တရုတ်-နီပေါနှစ်နိုင်ငံသည် တစ်လှေတည်းစီး တစ်ခရီးတည်းသွား ၊ ဘုံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုစိတ်ဓာတ်ကို အခြေခံ၍ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ထောင်ရန် အတူကြေညာခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သမ္မတရှီက တရုတ်-နီပေါနှစ်နိုင်ငံသည် ပြည်သူချင်း စိတ်ချင်းဆက်နွယ် နေသလို ဆိုးတူကောင်းဖက် အိမ်နီးချင်းနိုင်ငံ ဆက်ဆံရေး၏ စံနမူနာဖြစ်ကြောင်း ၊ နှစ်နိုင်ငံ နိုင်ငံရေး ဆက်ဆံမှုအခြေခံကို ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားပြီး ကံကြမ္မာတူ အကျိုးတူအသိုက်အဝိုင်း တည်ဆောက်မှုကို  တရုတ်-နီပေါဆက်ဆံရေးဖွံ့ဖြိုးတိုးတက်စေရန် ရေရှည်ရည်မှန်းချက်အဖြစ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နီပေါနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ လိုက်နာကျင့်သုံးမှုနှင့် ကာလရှည်ကြာ တရုတ်နိုင်ငံအား အားပေးထောက်ခံ့မှုကို ကျေးဇူတင်ရှိကြောင်း   ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် နီပေါနိုင်ငံ သမ္မတ  မစ္စစ်ဘီဒီယာ ဒေဗီဘန်ဒါရီ (Bidya Devi Bhandari) တို့ အောက်တိုဘာ ၁၂ရက် က ခတ္တမန္ဒူမြို့ သမ္မတ အိမ်တော်တွင်   တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ) 

တရုတ်နိုင်ငံအနေဖြင့် နီပေါနိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ပြည့်စုံမှုကို ကာကွယ်ထိန်းသိမ်းခြင်းအား စဉ်ဆက်မပြတ် ထောက်ခံအားပေးသွားမည်ဖြစ်ပြီး နီပေါနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အတတ်နိုင်ဆုံး ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း ၊ တရုတ်-နီပေါ နှစ်နိုင်ငံအနေဖြင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ပုံစံကို ရေးဆွဲတည်ဆောက်ပြီး ဟိမဝန္တာဖြတ်ကျော် ဘက်စုံ အပြန်အလှန်ဆက်သွယ်မှု ကွန်ရက်ကို တည်ဆောက်သွားကာ နယ်ပယ်စုံပူးပေါင်းဖလှယ်မှုကို တိုးချဲ့ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတရှီက တရုတ်နိုင်ငံတော်သစ်တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို မကြာသေးမီက ကျင်းပြုလုပ်ခဲ့ကြောင်း ၊ နှစ် ၇၀ ကြာကာလတွင် တရုတ်နိုင်ငံကွန်မြူနစ်ပါတီက ပြည်သူလူထုကို ဦးဆောင်၍ တရုတ်နိုင်ငံ ပြန်လည်ဖွံ့ဖြိုးရေး လမ်းစဉ်ကို လျှောက်လှမ်းခဲ့ကြောင်း၊ လျှောက်လှမ်းရသည့် ခရီးလမ်းတစ်လျှောက်တွင် ထောက်ခံအားပေးမှုလက်ခုပ်ဩဘာများရှိသလို အခက်အခဲနှင့်စိန်ခေါ်မှုများလည်း ရှိကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ထဲထဲဝင်ဝင် ဆောင်ရွက်သွားပြီး တံခါးဖွင့်စနစ်ကို ကျယ်ပြန့်အောင်ဆောင်ရွက်သွားကာ အရည်အသွေးမြင့် ဖွံ့ဖြိုးရေးကို တွန်းအားပေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ တည်ငြိမ်၊ ပွင့်လင်း၊သာယာ၀ပြောသည့် တရုတ်နိုင်ငံသည် နီပေါနိုင်ငံနှင့် ကမ္ဘာ့ဖွံ့ဖြိုးရေး၏ အစဉ်အမြဲ အခွင့်အလမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

နီပေါနိုင်ငံ သမ္မတ မစ္စစ်ဘီဒီယာ ဒေဗီဘန်ဒါရီကလည်း သမ္မတရှီအား အထူးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း နှင့် တရုတ်နိုင်ငံတည်ထောင်သည့် နှစ် ၇၀ ပြည့်အား ဆုမွန်ကောင်းမေတ္တာပို့သပါကြောင်း ပြောကြားခဲ့ သည်။ နီပေါနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်သည့် အောင်မြင်မှုအတွေ့အကြုံများကို မှီငြမ်း လေ့လာလိုကြောင်း ၊ တရုတ်နိုင်ငံပြည်သူများသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုဖြင့် ကြီးကျယ် ခမ်းနားသော  ပြန်လည်ဖွံ့ဖြိုးရေး တရုတ်နိုင်ငံရည်မှန်းချက်ကို မုချအောင်မြင်စွာ အကောင်အထည်ဖော် နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ၎င်းက နီပေါနှင့်တကွ ဒေသ ငြိမ်းချမ်းဖွံဖြိုးစည်ပင်မှုကို အကျိုးဖြစ်ထွန်းစေနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နီပေါ-တရုတ် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး တည်ထောင်ခြင်းသည် နှစ်နိုင်ငံ၏ အစဉ်အလာချစ်ကြည်ရေးကို ခိုင်မာတိုးပွားစေမည်ဖြစ်ရာ နှစ်နိုင်ငံဆက်ဆံရေး ခေတ်သစ်သို့ လျှောက်လှမ်းမည့် တွန်းအားဖြစ်ကြောင်း ၊ နီပေါနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ နှစ်ကာလပေါင်းများစွာ ကူညီထောက်ပံ့အားပေးမှုများကို ကျေးဇူးတင်ရှိပါကြောင်း တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်အပြည့်အစုံကိုလည်း လေးစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ချစ်ကြည်ရင်းနှီးသော ၊စိတ်ရင်းစေတနာမှန်ကန်သော၊ အကျိုးတူဖြစ်ထွန်းစေလိုသော သဘောထားကြီးစွာ လက်ခံပါဝင်စေလိုသော အိမ်နီးချင်းသံတမန်ဆက်ဆံရေးမူဝါဒကို တန်ဖိုးထား ချီးကျူးပါကြောင်း ၊ နီပေါနိုင်ငံအနေဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ အတူတည်ဆောက်ရေးတွင် တက်တက် ကြွကြွပါ၀င် ဆောင်ရွက်သွားပြီး ဟိမဝန္တာဖြတ်ကျော် ဘက်စုံ အပြန်အလှန်ဆက်သွယ်မှု ကွန်ရက်ကို တည်ဆောက်သွားကာ နီပေါ၏ စည်ပင်ဖွံ့ဖြိုးမှု အနာဂတ်အလားအလာကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)