Connect with us

Asia

တရုတ်-ဂျပန် ဆက်ဆံရေးမြှင့်တင်ရန် လက်တွေ့ကျသည့် ဆောင်ရွက်မှုများ လုပ်ဆောင်ရန် ဂျပန်ဝန်ကြီးချုပ်အား တရုတ်သမ္မတ ရှီကျင့်ဖိန်တိုက်တွန်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး (ဝဲ) တို့ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် နိုဝင်ဘာ ၁၁ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဒါနန်း၊ ဗီယက်နမ်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့သည် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် နိုဝင်ဘာ ၁၁ရက်က တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံ နှင့် ဆက်ဆံရေးတိုးတက်လာစေရန် လက်တွေ့ကျသည့် ဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် နှင့် နှစ်နိုင်ငံအကြား မတူညီမှုများကို အပြုသဘောဆောင်သည့် နည်းလမ်းဖြင့် သင့်လျော်စွာ စီမံလုပ်ဆောင်သွားသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ရှီက တရုတ်-ဂျပန် ဆက်ဆံရေး တိုးတက်ရန်အဓိကသော့ချက်သည် အပြန်အလှန်ယုံကြည်မှုဖြစ်ကြောင်း ဗီယက်နမ် အလယ်ပိုင်းမြို့တော် ဒါနန်းမြို့တွင် ပြုလုပ်သည့် ၂၅ကြိမ်မြောက် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေး ပြင်ပ ၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက ဂျပန်နိုင်ငံဘက်မှ လက်တွေ့ကျသည့် ဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ပြီး နှစ်နိုင်ငံ သဘောတူညီခဲ့သော မဟာဗျူဟာမြောက်သဘောတူညီမှုများအပေါ် သက်ရောက်မှုရှိစေရန် အထူးသီးသန့်မူဝါဒများ ချမှတ်ခြင်းဖြင့် တစ်ဖက် နှင့် တစ်ဖက် ခြိမ်းခြောက်မှုမရှိစေဘဲ တရုတ်နှင့်ဂျပန်အား ပူးပေါင်းဆောင်မှုမိတ်ဖက်များအဖြစ် ပိုမိုသေချာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီက အပြန်အလှန် အကျိုးအမြတ်ဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှု သည် တရုတ်-ဂျပန် ဆက်ဆံရေး ဆက်လက်ကောင်းမွန်စေရန်အတွက် တွန်းအားတစ်ခုဖြစ်ကြောင်း နှင့် နှစ်ဖက်စလုံးသည် အခြေအနေသစ်တစ်ရပ်တွင် လက်တွေ့ကျသည့်ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို မြှင့်တင်သွားသင့်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။

ရှီက နှစ်နိုင်ငံသည် ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုကို မြှင့်တင်ကာ အစောပိုင်းကာလတစ်ခု၌ ခေတ်သစ်ပိုးလမ်းမကြီးမူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးလုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သည် ဆောင်းရာသီအိုလံပစ်အားကစားပွဲတော်ကို ၂၀၂၂ခုနှစ်တွင် လက်ခံကျင်းပမည်ဖြစ်ပြီး ဂျပန်နိုင်ငံသည်လည်း နွေရာသီအိုလံပစ်အားကစားပွဲတော်ကို ၂၀၂၀ခုနှစ်တွင် လက်ခံကျင်းပမည်ဖြစ်၍ အိုလံပစ်အားကစားပွဲတော်များတွင် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ခြင်းမှတစ်ဆင့် ပြည်သူအချင်းချင်း ဖလှယ်မှုပိုမိုခိုင်မာလာနိုင်မည်ဖြစ်ကာ ယဉ်ကျေးမှု၊ မီဒီယာ နှင့် လူငယ်ဆိုင်ရာ လုပ်ငန်းများတွင်လည်း အပြန်အလှန်ဖလှယ်မှုများ ဆက်လက်တိုးမြှင့် လုပ်ဆောင်သင့်ကြောင်းပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ၂၀၁၈ခုနှစ်တွင် ကျရောက်မည့် တရုတ်-ဂျပန် ငြိမ်းချမ်းရေးနှင့် ချစ်ခင်ရင်းနှီးမှု စာချုပ်ချုပ်ဆိုခြင်း နှစ်၄၀ပြည့် အခမ်းအနားကို အမှတ်ရကာ နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးအမြတ်ဖြစ်ထွန်းစေသည့် မဟာဗျူဟာမြောက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဂျပန်နိုင်ငံအနေဖြင့်တရုတ်နိုင်ငံ နှင့် အတူလက်တွဲလုပ်ဆောင်သွားရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။

အာဘေးက ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှု၊ လူငယ်ဆိုင်ရာလုပ်ငန်းများ နှင့် အိုလံပစ်အားကစားပွဲတော်များတွင်လည်း ဖလှယ်မှုများ နက်ရှိုင်းစွာ လုပ်ဆောင်သွားရန် သဘောတူညီခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.