Connect with us

Asia

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့၏ စစ်ရေး တင်းမာမှု အင်္ဂါနေ့ နေ့လည်မှ စ၍ အရှိန် လျှော့ချမည်

ကိုရီးယားကျွန်းဆွယ် အရေး တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံမှ ကိုယ်စားလှယ်များ ဆွေးနွေး နေစဉ် (ဆင်ဟွာ)

ဆိုးလ်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား(ROK) နှင့် မြောက်ကိုရီးယား (DPRK) နိုင်ငံ တို့ကြား စစ်ရေးတင်းမာမှု အမြင့်ဆုံးရှိနေရာက အင်္ဂါနေ့ နေ့လည် ပိုင်းတွင် လျှော့ချနိုင်လိမ့်မည် ဖြစ်ကြောင်း ဆိုးလ် ကာကွယ်ရေး ဝန်ကြီးဋ္ဌာနက ပြောသည်။

အင်္ဂါနေ့ နံနက် ပုံမှန် သတင်းစာ ရှင်းလင်းပွဲ၌ ကာကွယ်ရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ကင်မင်ဆော့ က တောင်ကိုရီးယား စစ်တပ် အနေဖြင့် နေ့လည်မှစ၍ မြောက်ကိုရီးယား ဘက်မှ ကတိပေးထားသည့်အတိုင်း စစ်တပ်များ ရုပ်သိမ်းရေးကို အနီးကပ် စောင့်ကြည့်သွားမည်ဟု ပြောပါသည်။

နှစ်နိုင်ငံကြား တွေ့ဆုံ ဆွေးနွေးပြီးနောက် ရရှိလာသော သဘောတူညီမှု အရ ရှေ့တန်း စစ်မျက်နှာတွင် အသံချဲ့စက်ဖြင့် ဝါဒဖြန့် ထုတ်လွှင့်ခြင်းအား တောင်ကိုရီးယား ဘက်မှ ရပ်တန့် ပေးမည် ဖြစ်ပြီး အသံချဲ့ စက်များ ဖြုတ်သိမ်းမှုနှင့် ပတ်သက်၍တော့ ဆွေးနွေးထားခြင်း မရှိကြောင်း ပြောရေး ဆိုခွင့်ရှိသူက မှတ်ချက် ပြုထားသည်။

တောင်ကိုရီးယား တပ်ဖွဲ့များ ကတော့ စစ်ရေး ပြင်ဆင်မှု အဆင့် မလျှော့ချမီ နေ့လည်အထိ သတိထားမှု အမြင့်ဆုံး အဆင့်မှာ ဆက်ပြီး ရှိနေမည် ဖြစ်ကြောင်း ကင်ကပြောသည်။

တောင်၊ မြောက်ကိုရီးယား နှစ်နိုင်ငံသည် ကိုရီးယား ကျွန်းဆွယ်အရေး နှင့်ပတ်သက်၍ တင်းမာမှုကို လျော့ချရန် Panmunjom ရှိ ယာယီ စစ်ပြေငြိမ်းထားသော ကျေးရွာတွင် ၄၃ နာရီကြာ အကြိတ်အနယ် ဆွေးနွေးပြီးနောက် အင်္ဂါနေ့ အစောပိုင်းတွင် သဘောတူညီမှု ရရှိခဲ့သည်။

ယင်း သဘောတူညီမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆို ကြောင်း၊ ခွဲခွာနေရသော မိသားစုများ ပြန်လည် ပေါင်းစည်းရေး စသော လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ဆောင်ရွက်မှုများအား တွန်းအားပေး လိုကြောင်း ကြေညာချက်တွင် ပြောကြားထား သည်။

နှစ်နိုင်ငံ သဘော တူညီချက်တွင် အချက် ခြောက်ချက် ပါဝင်ပြီး ကိုရီးယား နှစ်နိုင်ငံချင်း ဆက်ဆံရေး ပိုမိုကောင်း မွန်စေရန် အတွက် ဆိုးလ် (သို့မဟုတ်) ပြုံယမ်းတွင် နှစ်နိုင်ငံ အစိုးရချင်း တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်နိုင်ရန်နှင့် နယ်ပယ် များစွာမှာ တွေ့ဆုံ ဆွေးနွေးမှုနှင့် ညှိနှိုင်းမှုများ ပြုလုပ်ရန် သဘောတူ ခဲ့ကြသည်။

နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးကြစဉ်ဝယ် မြောက်ကိုရီးယား အနေဖြင့် မြေမြှုပ်မိုင်းကြောင့် တောင်ကိုရီးယား စစ်သားနှစ်ဦး ကိုယ်အင်္ဂါ ချို့တဲ့သွားရမှုအပေါ် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သလို အစောပိုင်းက စစ်ကြေငြာခဲ့မှု ကို ရုတ်သိမ်းပြီး တောင်ကိုရီးယား နိုင်ငံက လည်း ရှေ့တန်းနယ်စပ် ဧရိယာတွင် အသံချဲ့စက်သုံး၍ ဝါဒဖြန့် ထုတ်လွှင့်ခြင်းအား ရပ်တန့်ပေးရန် သဘောတူခဲ့ ကြပါသည်။ (Xinhua)