Connect with us

Asia

တောင်ကိုရီးယား၌ ကရိန်းပြိုကျမှုဖြစ်ပွား ၅ ဦးသေ ၊ ၁၈ ဦးဒဏ်ရာရ

တောင်ကိုရီးယားနိုင်ငံ ဆမ်ဆောင်းသင်္ဘောကျင်း၌ ကရိန်းပြိုကျမှုမြင်ကွင်း အား တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆိုးလ် ၊ မေ ၁ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံအရှေ့တောင်ပိုင်း၌ ဝန်ချီစက်(ကရိန်း) ပြိုကျမှုဖြစ်ပွားရာ လူ ၅ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရသွားကြောင်း Yongap သတင်းဌာနက ယနေ့(မေလ ၁ ရက်)တွင် သတင်းဖော်ပြခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း Geoje ဆိပ်ကမ်းမြို့၌ ဧပြီလ ၃ဝ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၅ဝ မိနစ် ခန့်တွင် အဆောက်အအုံ တာဝါတိုင် ကရိန်းတစ်ခု နှင့် ဆိပ်ကမ်းကုန်ပစ္စည်းအတင်အချပြုလုပ်သော ကရိန်းတစ်ခုတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက ဆိုသည်။

အခင်းဖြစ်ပွားချိန်တွင် ကရိန်းသည် အလွန်လေးလံသော ပစ္စည်းများစွာကိုဆွဲတင်ထားရကြောင်း ၊ ၎င်း ပစ္စည်းများသည် လူအုပ်ကြီးပေါ်သို့ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း နှင့် ဆမ်ဆောင်းအကြီးစားစက်မှုလုပ်ငန်းပိုင် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းခွင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆမ်ဆောင်း သင်္ဘောကျင်းသည် တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး သင်္ဘောကျင်းသုံးခုထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။

အခင်းဖြစ်စဉ်ကြောင့် အလုပ်သမား ၅ ဦးသေဆုံးကြောင်း အတည်ပြုခဲ့ပြီး အခြား ၆ ဦးမှာထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ အခြား လူ ၁၂ ဦးမှာ ဒဏ်ရာ အနည်းငယ်စီ ရသွားကြောင်း နှင့် သေဆုံးသူဦးရေမှာ ဆက်လက်မြင့်တက်ဖွယ် ရှိကြောင်း သိရသည်။

ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်ထားပြီး ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကရိန်းအောက်တွင် ပိနေသည့် လူသေအလောင်းများ ရှိမရှိကို ဆက်လက်ရှာဖွေ လျက်ရှိကြောင်း သိရသည်။(Xinhua)