Connect with us

Asia

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ပါဘတ်မုန်တိုင်းကြောင့် လူ ၃ ဦး သေဆုံး၊ ၃၄,၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရ

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ပါဘတ်မုန်တိုင်းကြောင့် ပျက်စီးမှုများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အပူပိုင်းမုန်တိုင်း ပါဘတ် (Pabuk) တိုက်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံးပြီး ကျေးရွာသား ၃၄,၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရကြောင်း အဆင့်မြင့် အစိုးရအရာရှိတစ်ဦးက ဇန်နဝါရီလ ၅ ရက်တွင် ပြောကြားလိုက်သည်။

ဇန်နဝါရီလ ၄ ရက်က မုန်တိုင်းကြောင့် ပတ်တာနီပြည်နယ် ပင်လယ်ပြင်ပတွင်ငါးဖမ်းစက်လှေလုပ်သား ၁ ဦး သေဆုံးပြီး အခြားသူများ ပျောက်ဆုံးနေကြောင်း၊ နာခွန် စီ သမ်မရတ်ပြည်နယ်တွင် သက်ကြီးရွယ်အို ၂ ဦး သေဆုံးခဲ့ကြောင်း သဘာဝဘေးကာကွယ်ရေးနှင့် လျော့ပါးရေးဌာန (DDPM) ညွှန်ကြားရေးမှူးချုပ် ချာယတ်ဟိုလ် သီတစ်တီစက် (Chayaphol Thitisak) က ပြောကြားခဲ့သည်။

ထိုင်းပင်လယ်ကွေ့မှ ကပ္ပလီပင်လယ်သို့ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားခဲ့ပြီဖြစ်သော အဆိုပါ အပူပိုင်းမုန်တိုင်းကြောင့် နာခွန် စီ သမ်မရတ်ပြည်နယ်အတွင်းရှိ ခရိုင်များစွာမှ ရွာသား ၃၄,၀၀၀ ကျော် ဘေးကင်းရန်အတွက် ရွှေ့ပြောင်းခဲ့ရကြောင်း DDPM အကြီးအကဲက ဆိုသည်။ပါဘတ်မုန်တိုင်း တိုက်ခတ်မှုအား ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ချွမ်ပေါင်၊ ဆုန်ခလာ၊ ဖတ်သာလွန်၊ ပတ်တနီ၊ ပက်ရှ်ဘူရီ၊ ပရာချွပ်ခီရီခန်း၊ ဆူရတ်သာနီနှင့် နာခွန် စီ သမ်မရတ် စသည့်ပြည်နယ် ၈ ခုတွင် ခံစားခဲ့ရကြောင်း သိရသည်။ (Xinhua)