Connect with us

Asia

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဂူအတွင်းပိတ်မိနေသူ လူငယ်ဘောလုံးသမားအားလုံးကို အောင်မြင်စွာ ကယ်ထုတ်နိုင်ပြီးဖြစ်

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဂူအတွင်းပိတ်မိနေသူ လူငယ်ဘောလုံးသမားများအား ကယ်ထုတ်ပေးနေသည့် ကယ်ဆယ်ရေးသမားများအား တွေ့ရစဉ် (ဆင်ဟွာ)

ချင်းရိုင်၊ ဇူလိုင် ၁၀ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ကျောက်ဂူတစ်ခုအတွင်း ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ ပိတ်မိနေသည့် လူငယ်ဘောလုံးသမား ၁၂ဦးစလုံး နှင့် ၎င်းတို့၏ နည်းပြ အား ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကယ်ဆယ်ရေးသမားတစ်ဦးက ဇူလိုင် ၁၀ရက်တွင်ပြောကြားခဲ့သည်။

အသက် ၁၁နှစ် မှ ၁၆နှစ်အရွယ်ရှိ ယောက်ျားလေး ၁၂ဦး နှင့် အသက်၂၅နှစ်အရွယ် အသင်းခေါင်းဆောင်နည်းပြဖြစ်သူတို့သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ် ရှိ Tham Luang ကျောက်ဂူအတွင်း၌ ဇွန်လ ၂၃ရက် ကတည်းက ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးသမားပေါင်း ၁,၀၀၀ကျော် ဖြင့် ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီးနောက် ၉ရက်မြောက်နေ့ဖြစ်သည့် ဇူလိုင် ၂ရက်တွင် ၎င်းတို့အားပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ပြည်ပမှ ကျောက်ဂူတွင်းရေငုပ်ကျွမ်းကျင်သူ ၁၃ဦး နှင့် ထိုင်းနိုင်ငံ ရေတပ်မှ ကယ်ဆယ်ရေးသမား ၅ဦး တို့သည် ဇူလိုင်လ ၈ ရက်တွင် ကယ်ဆယ်ရေးလုပ်ငန်းစဉ်အပထမအဆင့်အား စတင်ဆောင်ရွက်ခဲ့ပြီး ကျောက်ဂူအတွင်းမှ ကလေးငယ် ၄ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးသမားများသည် အဆိုပါလုပ်ငန်းစဉ်အား ၁၁နာရီကြာ အချိန်ယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။ နောက်ထပ် ကလေးငယ် ၄ဦးအား အဆိုပါကယ်ဆယ်ရေးအဖွဲ့က ဇူလိုင် ၉ရက်တွင် ထပ်မံကယ်ထုတ်ပေးခဲ့ကြောင်းသိရသည်။နောက်ဆုံးကျန်ရှိနေသည့် ကလေးငယ် ၄ဦး နှင့် ၎င်းတို့၏နည်းပြအား ဇူလိုင် ၁၀ရက်တွင် ကယ်ထုတ်နိုင်ခဲ့ပြီးကလေးငယ် ၁၂ ဦးစလုံးနှင့် နည်းပြဖြစ်သူတို့ကိုကယ်ဆယ်နိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ဇူလိုင် ၈ ရက် နှင့် ၉ရက် တွင် ကယ်ထုတ်ခဲ့သည့် ကလေးငယ် ၈ ဦးအား ဆေးရုံသို့ပို့ဆောင်ပေးထားကာ ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း သိရသည်။ (Xinhua)