Connect with us

Asia

ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ သံတမန်ရပ်ကွက် အကြမ်းဖက်တိုက်ခိုက်မှုတွင် လူ ၅ ဦးသေဆုံး

အခင်းဖြစ်ပွားရာနေရာအား ဖြတ်သန်းသွားလာခွင့်ပိတ်ထားကြောင်း လုံခြုံရေးစည်းတားထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ သံတမန်ရပ်ကွက်တွင် နိုဝင်ဘာလ ၂၃ ရက်နံနက်ပိုင်းက အကြမ်းဖက် တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ဆေးရုံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကရာချိမြို့ Clifton နယ်မြေတွင် ပြည်ပမစ်ရှင်များစွာ အခြေစိုက်ရာ သံတမန်ဇုန်တွင် အကြမ်းဖက်အုပ်စုတစ်ခုက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် အခြားအမည်မသိသူ ၃ ဦးသေဆုံးခဲ့ကြောင်း ကရာချိမြို့တောင်ပိုင်းဒေသ၏ ရဲတပ်ဖွဲ့ ဒုတိယစစ်ဆေးရေးအရာရှိချုပ် Javed Alam က အတည်ပြု ပြောကြားခဲ့သည်။

အကြမ်းဖက်သမား သုံးဦး သို့မဟုတ် လေးဦးခန့်က မော်တော်ယာဉ်တစ်စင်းကို စီးလာကာ အဆိုပါ ရပ်ကွက်သို့ ရောက်ရှိခဲ့ပြီး ယင်းနေရာ၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေသာ ရဲတပ်ဖွဲ့ဝင်အား လက်ပစ်ဗုံးဖြင့် ပစ်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုမှ သေဆုံးသူ ၅ ဦး၏ ရုပ်အလောင်းများနှင့် ဒဏ်ရာရသူတစ်ဦးအား ဆေးရုံသို့တင်လိုက်ကြောင်း ကရာချိမြို့ရှိ Jinnah ဆေးရုံမှ ညွှန်ကြားရေးမှူး Seemi Jamali က မီဒီယာသို့ ပြောကြားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုတွင် အနည်းဆုံး အကြမ်းဖက်သမား ၃ ဦး သေဆုံးသွားခဲ့ကြောင်း ကရာချိ ရဲချုပ် Amir Sheikh က ပြောကြားခဲ့သည်။ သေဆုံးသူ အကြမ်းဖက်သမားများအနက် နှစ်ဦးမှာ အသေခံဂျာကင်အင်္ကျ ီဝတ်ဆင်ထားသည်ကို တွေ့ခဲ့ရကြောင်း ရဲချုပ်က ဆိုသည်။

အဆိုပါ သံတမန်ရပ်ကွက်သို့သွားရာလမ်းများအားလုံးကို အများပြည်သူနှင့် မီဒီယာများ သွားလာခွင့် ပိတ်ထားကြောင်း၊ ယင်း မြို့ရှိ ဆေးရုံများအားလုံးတွင်လည်း အရေးပေါ်အခြေအနေ ကြေညာထားကြောင်း သိရသည်။ (Xinhua)