Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် လေယာဉ်ငယ်တစ်စီး ပျက်ကျမှုဖြစ်ပွား၊ လူ ၇ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့အနီးတွင် ယခင်ကလေယာဉ်ပျက်ကျပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့သည်နေရာတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် စက်တင်ဘာ ၁ ရက် ညနေပိုင်းက လေယာဉ်ငယ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင် လေကြောင်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။ လေယာဉ်ပေါ်တွင်လိုက်ပါလာသူ ၈ ဦးအနက် ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါလေယာဉ်မှာ ဒေသစံတော်ချိန် ၁၅ နာရီခန့်က Lagunaပြည်နယ် Calambaမြို့ အပန်းဖြေစခန်းတစ်ခုတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ အချင်းဖြစ်ပွားရာနေရာသည် မြို့တော်မနီလာနှင့် ၅၀ ကီလိုမီတာ ကွာဝေးကြောင်း လေကြောင်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ဆိုသည်။ အချင်းဖြစ်လေယာဉ်မှာ ဆေးကုသရေးလေယာဉ်ဖြစ်ရာ လေယာဉ်ပေါ်တွင် လေယာဉ်မှူး၂ ဦးနှင့် ခရီးသည် ၆ ဦး ပါဝင် ကြောင်း နှင့် ခရီးသည် ၁ဦးမှာ လူနာဖြစ်ပြီး ကျန်သူများမှာ ဆေးဝန်ထမ်းများဖြစ်ကြောင်း သိရသည်။

အချင်းဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း လေကြောင်းအာဏာပိုင်အဖွဲ့က ဆိုသည်။

လေယာဉ်ပျက်ကျပြီးနောက် ဒေသခံအစိုးရက ကူညီကယ်ဆယ်မှုများ ချက်ချင်းလုပ်ဆောင်ခဲ့သော်လည်း စက်တင်ဘာ ၁ ရက် ညပိုင်းအထိ သေဆုံးသူ ၇ ဦးရှိပြီဖြစ်ကြောင်းနှင့် ကူညီကယ်ဆယ်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်ဆဲဖြစ်ကြောင်း Calambaမြို့ဘေးအန္တရာယ်လျော့ချရေး စီမံခန့်ခွဲမှုရုံးက ပြောကြားခဲ့သည်။အချင်းဖြစ်ပွားမှုကြောင့် အပန်းဖြေစခန်းရှိ ဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

လေယာဉ်မပျက်ကျမီ မီးခိုးများထွက်ပေါ်လာခဲ့ကြောင်း ၊ လေယာဉ်ပျက်ပြီးနောက် နေအိမ်ကို မီးကူးစက်လောင်ကျွမ်းခဲ့ရာ တစ်နာရီကျော်ကြာမီးငြှိမ်းသတ်ခဲ့ရကြောင်း ဖိလစ်ပိုင်မီဒီယာများက မျက်မြင်သက်တစ်ဦး၏ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။ (Xinhua)