Connect with us

Asia

တရုတ်-အာဆီယံ COVID-19 ရောဂါ ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး က လွန်စွာ သင့်လျော်ပြီး အရေးပါကြောင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ပြောကြား

တရုတ်-အာဆီယံ COVID-19 ရောဂါ ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး တွင် ဝန်ကြီးများ လက်ချင်းချိတ် ၍ အမှတ်တရ ဓါတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

တရုတ်-အာဆီယံ COVID-19 ရောဂါ ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး အား ဖေဖော်ဝါရီ ၂၀ ရက် တွင် လာအို နိုင်ငံ ဗီယင်ကျန်း မြို့ တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး အစည်းအဝေး အား တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် တရုတ်-အာဆီယံ ဆက်ဆံရေး ညှိနှိုင်းဆောင်ရွက်မှု နိုင်ငံဖြစ်သည့် ဖိလစ်ပိုင် နိုင်ငံ မှ နိုင်ငံခြားရေး ဝန်ကြီး Teodoro Locsin Jr. တို့ က အတူတကွ အစည်းအဝေး သဘာပတိ အဖြစ်ဆောင်ရွက်ကာ အာဆီယံ အဖွဲ့ဝင် နိုင်ငံအသီးသီး မှ နိုင်ငံခြားရေး ဝန်ကြီးများ တက်ရောက် ခဲ့ကြသည်။

အစည်းအဝေး မစတင်မီ ပထမ ဦးစွာ ဗီဒီယို မှတ်တမ်းတို တစ်ခု အား ပြသ ခဲ့ပြီး ၎င်း ဗီဒီယို ပြကွက်ထဲ တွင် တရုတ် နိုင်ငံ ပြည်သူလူထု တို့၏ စည်းလုံးညီညွတ်စွာ အခက်အခဲများ အား အတူတကွ ရင်ဆိုင်၍ ကပ်ရောဂါ တိုက်ဖျက်သည့် မြင်ကွင်း နှင့် အာဆီယံ ၁၀ နိုင်ငံ မှ ခေါင်းဆောင်များ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် အားပေး စကားပြောကြားပုံ များ ထည့်သွင်းဖေါ်ပြခဲ့သည်။

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တရုတ်-အာဆီယံ COVID-19 ရောဂါ ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး ၌ ဆွေးနွေးပြောကြား နေစဉ်(ဆင်ဟွာ)

ထို့နောက် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် အာဆီယံ ၁၀ နိုင်ငံ မှ နိုင်ငံခြားရေး ဝန်ကြီး များသည် အတူတကွ လက်ချင်းချိတ် ကာ တရုတ် နိုင်ငံ နှင့် ဝူဟန့် အတွက် ထောက်ခံအားပေးမှု ကို ပြသ ခဲ့ကြသည်။

အစည်းအဝေး တွင် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ဆောင်ရွက်ခဲ့သည့် အားကောင်းသော ဆောင်ရွက်မှုများ နှင့် ရရှိခဲ့သည့် အောင်မြင်မှုများ အား အသေးစိတ် ရှင်းလင်းပြောကြား ခဲ့သည်။

ဝမ်ရိ က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ကိုယ်တိုင် ဦးဆောင်မှုအောက်တွင် တရုတ် နိုင်ငံ ၏ သန်း ၁,၄၀၀ သော ပြည်သူလူထု တို့ က စည်းလုံးညီညွတ်စွာဖြင့် ရောဂါပိုး နှင့် တိုက်ပွဲဝင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံ မှ အတင်းကျပ်ဆုံး နှင့် အစွမ်းကုန်ဆုံး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ဆောင်ရွက် ခဲ့ပြီး ရောဂါ မပြန့်ပွားစေရန် အထိရောက်ဆုံးသော ကာကွယ်ထိန်းချုပ်ရေး စနစ် ကို တည်ဆောက်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ၏ အရှိန်အဟုန် ဖြင့် ဘက်စုံ ရောဂါ ကုသရေး လုပ်ငန်းအား ဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် အချိန်ပိုမို ရရှိအောင် ဆောင်ရွက်ပေးခဲ့သဖြင့် နိုင်ငံကြီး တစ်နိုင်ငံ ၏ တာဝန်ခံ ၊ တာဝန်ယူမှု ကို ပေါ်လွင်စေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ၏ ဦးဆောင်မှု အောက်တွင် ကပ်ရောဂါအား လုံးဝ တိုက်ဖျက်နိုင်သည့် စွမ်းရည် တရုတ် နိုင်ငံ တွင် ရှိကြောင်း ကို အပြည့်အဝ ယုံကြည်ကြောင်း ၊ ကပ်ရောဂါ က တရုတ် နိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် စိန်ခေါ်မှုများ ဖြစ်ပွားစေ ခဲ့သော်လည်း ၎င်းမှာ ယာယီ နှင့် အကန့်အသတ် ရှိသော စိန်ခေါ်မှုသာ ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ၏ စီးပွားရေး က လွန်စွာ ပြည့်ဝအားကောင်းပြီး ရေရှည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မည့် အခြေအနေ သည် ပြောင်းလဲမည် မဟုတ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အခက်အခဲများစွာ ကို ဖြတ်သန်း ၍ စိန်ခေါ်မှုများစွာ ကို ကြုံတွေ့ခဲ့ရသော်လည်း အခက်အခဲများ အား အခွင့်အလမ်း အဖြစ် ဖန်တီး နိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် နောက်ဆုံး တွင် ကပ်ရောဂါ တိုက်ဖျက် လိုက်နိုင်သည့် အောင်မြင်မှု ကို ရရှိမည် ဖြစ်ပြီး စီမံချမှတ်ထားသည့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ကို ကြိုးပမ်း အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က ကပ်ရောဂါ တွင် နယ်နိမိတ် ကန့်သတ်ထားခြင်း မရှိကြောင်း ၊ တရုတ် နှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံ အသီးသီး တို့ က ညီအကို ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း ဖြစ်ကြောင်း ၊ ပိုမို အနီးကပ် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုအား ပြုလုပ်ပြီး ကပ်ရောဂါ မပြန့်ပွားရေး အား ထိရောက်စွာ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ နိုင်ငံအသီးသီး ရှိ ပြည်သူလူထု ၏ ကျန်းမာရေး အား စောင့်ရှောက်ကာကွယ်ပြီး ပိုမိုနီးကပ်သည့် တရုတ်-အာဆီယံ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း ကို တည်ဆောက်သွားရမည် ဖြစ်ကြောင်း ၊ မိမိ တို့ အနေဖြင့် အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်မှု ကို တိုးချဲ့ပြီး အတူတကွ ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ အနာဂတ် ကို မျှော်မှန်း၍ ထိရောက်သည့် ရေရှည်ပူးပေါင်းဆောင်ရွက်မှု စနစ် ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ကျိုးကြောင်းဆီလျော်စွာ ကိစ္စရပ် များအား ကိုင်တွယ်ဖြေရှင်းပြီး ထိတ်လန့်မှုများ ကို ကျော်ဖြတ်နိုင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ အခက်အခဲ အား အခွင့်အလမ်း အဖြစ်သို့ ပြောင်းလဲပြီး ပူးပေါင်းဆောင်ရွက်မှုအသစ်များအား ဖော်ဆောင်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အစည်းအဝေး တွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံ အသီးသီး မှ နိုင်ငံခြားရေး ဝန်ကြီးများ က ယခုချိန်တွင် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး ကျင်းပ ပြုလုပ်ခြင်း သည် လွန်စွာ သင့်လျော်ပြီး အရေးပါကြောင်း ၊ တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး တွင် ဆောင်ရွက်ခဲ့သည့် ဆောင်ရွက်မှုများ အပေါ် ချီးမွမ်းကြောင်း ၊ တရုတ် နိုင်ငံ ၏ ပူးပေါင်း ကာကွယ်ထိန်းချုပ်မှု စနစ် က လူသား သမိုင်းကြောင်းတွင် မည့်သည့်ချိန်ခါ မှ မရှိခဲ့ဖူးဘဲ ကြီးမားသည့် ဆုံးဖြတ်ချက်မျိုး က လွန်စွာ လေးစားထိုက်ကြောင်း ၊ တရုတ် နိုင်ငံ ၏ ဒေသတွင်း နှင့် ကမ္ဘာ့ အများပြည်သူ ကျန်းမာရေး နှင့် လုံခြုံရေး အတွက် ပေးဆပ်ဆောင်ရွက်မှု အပေါ် အပြည့်အဝ အသိအမှတ်ပြုပြီး တရုတ် နိုင်ငံ အနေဖြင့် အမြန်ဆုံး ကပ်ရာဂါ အား တိုက်ဖျက်နိုင်မည် ကို ယုံကြည်ကြောင်း ၊ အာဆီယံ နှင့် တရုတ် နိုင်ငံ က ပိုမို စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကောလဟာလများ ကို တိုက်ဖျက် ကာ ထိတ်လန့်မှု ဖြစ်ပွားခြင်း အား တားဆီး ရမည် ဖြစ်ကြောင်း ၊ ပုံမှန်ဆက်ဆံသွားလာရေး နှင့် ပူးပေါင်းဆောင်ရွက်မှုများ အပေါ် ထိခိုက်ခြင်း မဖြစ်ပွားရန် အတတ်နိုင်ဆုံးဆောင်ရွက်ပြီး ယခုအကြိမ် အတူတကွ ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်း အား အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု ၏ အောင်မြင်မှု အသစ် တစ်ခု ကျန်ရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတွေ့အကြုံ ဖလှယ်မှု အား တိုးချဲ့ ဆောင်ရွက်ပြီး အတူတကွ ဒေသတွင်း ကျန်းမာရေး နှင့် လုံခြုံရေး စွမ်းရည် ကို မြှင့်တင်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့ကြသည်။

အစည်းအဝေး အပြီး တွင် “တရုတ်-အာဆီယံ COVID-19 ရောဂါ ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး ပူးတွဲ ကြေညာချက်” အား ထုတ်ပြန်ကြေညာ ခဲ့သည်။ (Xinhua)