Connect with us

Australia / Oceania

သြစတြေးလျအသက်အကြီးဆုံးရေကူးအဖိုးအိုလေးဦး နိုင်ငံ့စံချိန်သစ်တင်

သြစတြေးလျနိုင်ငံ၏ အသက်အကြီးဆုံး ရေကူးသမား အဖိုးအိုလေးဦးအားတွေ့ ရစဉ်(ဆင်ဟွာ)

ဆစ်ဒနီ ၊ ဧပြီ ၁ဝရက် (ဆင်ဟွာ)

လေးယောက်ပေါင်း အသက် ၃၆ဝ နှစ်အထိ ရှိသော သြစတြေးလျနိုင်ငံမှ ရေကူးအဖိုးအို လေးဦးသည် ဧပြီလ ၉ ရက်က နယူးဆောက်ဝေးပြည်နယ် အမျိုးသားရေကူးချန်ပီယံပြိုင်ပွဲ၌ မီတာ ၅ဝ (4×50) လက်ဆင့်ကမ်းရေကူးပြိုင်တွင် နိုင်ငံ့စံချိန်သစ် တစ်ရပ်ကို တင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဖိုးအိုလေးဦးသည် အသက် ၈၇ နှစ် ၊ ၉ဝ နှစ် ၊ ၉၁ နှစ် နှင့် ၉၂ နှစ် အသီးသီးရှိကြပြီး ၂ဝ၁၆ ခုနှစ်က ပထမဆုံးအကြိမ်အဖြစ် စံချိန်တင်ရန်ကြိုးပမ်းမည့် တစ်ရက်အလိုတွင် ၎င်းတို့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော John-William Steen ကွယ်လွန်ခဲ့ပြီးနောက်တွင် ယခုအခါ ဒုတိယအကြိမ်အဖြစ် စံချိန်တင်ရန် ထပ်မံဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“ ကျနော့်အဖွဲ့ဝင်တစ်ဦးရဲ့ အသုဘအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက သူတို့ကကျနော်ကို ဘယ်လိုရေကူးခဲ့လဲ ၊ နောက်ထပ် လက်ဆင့်ကမ်းအသင်းသစ်ကို ဘာကြောင့် ပြန်မစနိုင်ရမှာလဲလို့မေးခဲ့ပါတယ်” ဟု ဗြိတိသျှရေတပ်မှ ရေကူးသမား(ဟောင်း) ဖြစ်သူ John Sheridan က ABC သတင်းဌာနသို့ပြောကြားခဲ့သည်။

အကယ်၍ အသင်းသစ်တွင် အသက် ၈၆ နှစ်အထက် အဖွဲ့ဝင်သစ်တစ်ဦးရမည်ဆိုပါက အဖွဲ့ဝင်လေးဦး၏ စုစုပေါင်းအသက်မှာ ၃၆ဝ နှစ် ရှိမည်ဖြစ်ကြောင်း နှင့် ကမ္ဘာ့စံချိန်တင် အသင်းတစ်သင်းဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ကြောင့် ၎င်းတို့သည် သြစတြေးလျအမျိုးသားရေကူးချန်ပီယံဟောင်း နှင့် နိုင်ငံပေါင်း ၂၈ နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးသည့် အသက် ၈၇ နှစ်အရွယ် Max Van Gelder အား အဖွဲ့တွင်ပါဝင်ရန် ဖိတ်ခေါ်ခဲ့ကြသည်။

“ အသင်းထဲမှာ ကျနော်က အသက်အငယ်ဆုံးပါ။ ဒီအသင်းမှာပါဝင်ခွင့်ရတဲ့အတွက် သိပ်ကို ဂုဏ်ယူပါတယ်” ဟု Van Gelder က ဆိုသည်။ အဆိုပါ အဖိုးအို လေးဦးပါဝင်သည့် ရေကူးအဖွဲ့ကို သြစတြေးလျနိုင်ငံရှိ ရေကူးသမားများက ချီးကျူးခဲ့ပြီး နိုင်ငံအတွင်း၌လည်း အထူးကျော်ကြားလျက်ရှိကြောင်း သိရသည်။ ရေကူးပြိုင်ပွဲအပြီးတွင် အဖိုးအို Van Gelder က “ အခုရတဲ့ဆုဟာ John အတွက်ပါ” ဟု ပြောကြားခဲ့သည်။(Xinhua)