Connect with us

Europe

အမေရိကန်- အီးယူ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှုအား အိုဘားမား နှင့် မာကဲ ကာကွယ် ပြောကြား

အမေရိကန် သမ္မတ ဘားရတ် အိုဘားမားနှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာ မာကဲတို့ ဧပြီလ ၂၄ ရက်က ဟန်နိုဗာမြို့ သတင်းစာ ရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဟန်နိုဗာ၊ ဂျာမနီ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နှင့် ဥရောပသမဂ္ဂ (European Union=EU) တို့အကြား ညှိနှိုင်း ဆွေးနွေးလျက် ရှိသော လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှု တစ်ခုအား အမေရိကန် သမ္မတ ဘားရတ် အိုဘားမားနှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာ မာကဲတို့က ထိုသဘောတူညီမှုသည် နှစ်ဖက်လုံးအတွက် အကျိုးရှိမည် ဖြစ်ကြောင်း ဧပြီလ ၂၄ ရက်က ကာကွယ် ပြောကြားလိုက်ကြသည်။

အတ္တလန္တိတ် ဖြတ်ကျော် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေး (Transatlantic Trade and Investment Partnership= TTIP) သည် အီးယူနှင့် အမေရိကန် စီးပွားရေး ခိုင်မာလာစေမည် ဖြစ်သလို အခြားဒေသများနှင့်လည်း ပိုမို ယှဉ်ပြိုင် လာနိုင်မည်မှာ ငြင်းနိုင်စရာ မရှိကြောင်း အမေရိကန် သမ္မတအနေဖြင့် ဂျာမနီနိုင်ငံသို့ နောက်ဆုံးအကြိမ် လာရောက်ခြင်းအဖြစ် ရောက်ရှိနေသည့် အိုဘားမားက မာကဲနှင့်အတူ ဂျာမနီနိုင်ငံ မြောက်ပိုင်းရှိ ဟန်နိုဗာမြို့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

TTIP သည် ဥရောပ၌ ဂျာမနီနိုင်ငံ၏ စီးပွားရေး တိုးတက်လာရေးအတွက် အလွန် အထောက်အကူပြု သလို ဥရောပ စီးပွားရေး အတွက်လည်း အလွန်အရေး ပါကြောင်း မာကဲက ပြောကြားခဲ့ပြီး ၂၀၁၃ ခုနှစ်က ကြေညာခဲ့ သည့်အတိုင်း ဆွေးနွေး ညှိနှိုင်းမှုများအား အရှိန်မြှင့် လုပ်ဆောင်သွားရန် အီးယူနှင့် အမေရိကန် နှစ်ဘက်လုံးက စိတ်ဝင်စားလျက် ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သဘောတူညီချက်နှင့် ပတ်သက်၍ ဆွေးနွေးပွဲများအား လာမည့် ရက်သတ္တပတ်အတွင်း အမေရိကန် တွင် စတင်မည် ဖြစ်သည်။ အဆိုပါ TTIP သဘောတူညီချက်အား ဆန့်ကျင်သည့် လူထောင်ပေါင်းများစွာက လည်း ဧပြီလ ၂၃ ရက်က ဟန်နိုဗာမြို့ လမ်းများပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြသည်။

လတ်တလော စစ်တမ်းများအရမူ လက်ရှိနှစ်များအတွင်း အမေရိကန်နှင့် ဂျာမနီ နှစ်နိုင်ငံလုံး၌ ထို သဘောတူ ညီမှုအား အများပြည်သူ ထောက်ခံမှုများ သိသိသာသာ ကျဆင်းလာခဲ့ကြောင်း သိရသည်။ (Xinhua)