Connect with us

Europe

COVID-19 သက်ရောက်မှုကြောင့် ဗြိတိန်နိုင်ငံရှိ ကဇာတ်ရုံဝန်ထမ်း ထောင်နှင့်ချီ၍ အလုပ်လက်မဲ့ဖြစ်

ဗြိတိန်နိုင်ငံ West End တွင် ပိတ်သိမ်းထားသည့် ကဇာတ်ရုံများအား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံရှိ ကဇာတ်ရုံဝန်ထမ်း ဦးရေ ၅,၀၀၀ ထက်မနည်းသည် COVID-19 ကြောင့် လုပ်ငန်းများ ပိတ်သိမ်းထားမှုအတွင်း အလုပ်အကိုင် ဆုံးရှုံးသွားခဲ့ရကြောင်း၊ ယင်းပမာဏ၏ ထက်ဝက်ကျော်မှာ လန်ဒန်မြို့မှဖြစ်ကြောင်း ကုန်သွယ်ရေးသမဂ္ဂအစီရင်ခံစာ၌ ဖော်ပြထားသည်။

ဗြိတိန် အစိုးရသည် ဇူလိုင်လအစောပိုင်းတွင် အနုပညာလုပ်ငန်းများ ပြန်လည်နာလန်ထူရေး လုပ်ဆောင်မှုကို ကြေညာခဲ့စဉ်ကတည်းက အလုပ်လျှော့ချခံရသည့် အရေအတွက်မှာ ၅,၀၀၀ အထိ ရှိနှင့်ပြီးဖြစ်ကြောင်း အသံလွှင့်၊ ဖျော်ဖြေရေး၊ ဆက်သွယ်ရေးနှင့် ရုပ်ရှင်ရုံ သမဂ္ဂ (Bectu) က ဩဂုတ် ၃ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ပြောကြားထားသည်။

အလုပ်အကိုင်ဆုံးရှုံးမှုများတွင် အမြဲတမ်းဝန်ထမ်းများ၏ အလုပ်လျှော့ချခြင်းခံရသူများ၊ သာမန်အလုပ်သမားမှ အလုပ်ပြုတ်သူများနှင့် စာချုပ်ဝန်ထမ်းများ ပါဝင်ကြောင်း နိုင်ငံတစ်ဝန်းရှိ ကဇာတ်ရုံ အလုပ်သမားများကို ကိုယ်စားပြုထားသည့် သမဂ္ဂက ဆိုသည်။

အလုပ်အကိုင် ဆုံးရှုံးမှု၏ ထက်ဝက်ကျော် (ခန့်မှန်းခြေ ၂,၇၀၀ ခန့်) မှာ လန်ဒန်မြို့နှင့်  West End ခရိုင်မှဖြစ်ကြောင်း အစီရင်ခံအရ သိရသည်။ခန့်မှန်းခြေအရ ဗြိတိန်နိုင်ငံရှိ ကဇာတ်ရုံလုပ်ငန်းတွင် လူပေါင်း ၂၉၀,၀၀၀ ဦးကို အလုပ်ခန့်ထားခဲ့ပြီး ၇၀ ရာခိုင်နှုန်းမှာ တစ်သီးပုဂ္ဂလလုပ်ကိုင်ကြသူများဖြစ်ပြီး ၎င်းတို့အနက် အမြောက်အများသည် အစိုးရ၏ ဝင်ငွေထောက်ပံ့မှု စီမံချက် ကွာဟမှုများမှတစ်ဆင့် ဆုံးရှုံးမှုရှိခဲ့ကြောင်း သိရသည်။ဩဂုတ် ၅ ရက် နံနက်ပိုင်းအထိ စာရင်းအရ ဗြိတိန်နိုင်ငံတွင် COVID-19 ဖြစ်ပွားသူ ဦးရေ ၃၀၇,၀၀၀ ကျော် ရှိလာခဲ့သည်။  (Xinhua)