Connect with us

International Organizations

ကုမ္ပဏီ ရှယ်ယာ ၉၉ ရာခိုင်နှုန်း ပေးလှူရန် ဖေ့စ်ဘုတ် စီအီးအို ကတိပြု

ဖေ့စ်ဘုတ် တည်ထောင်သူနှင့် အမှုဆောင် အရာရှိချုပ် မက်ဇူကာဘတ်တို့ မိသားစု အားတွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

ဖေ့စ်ဘုတ် တည်ထောင်သူနှင့် အမှုဆောင် အရာရှိချုပ် မက်ဇူကာဘတ်က ၎င်းတို့ ဇနီးမောင်နှံ နှစ်ဦး ပိုင်ဆိုင်သည့် ဖေ့စ်ဘုတ် ရှယ်ယာ ၉၉ ရာခိုင်နှုန်းအား ပေးအပ် လှူဒါန်းသွားမည်ဟု ဒီဇင်ဘာလ ၁ ရက်နေ့က ပြောကြား လိုက်ကြောင်း သိရသည်။

မက် ဇူကာဘတ် (Mark Zuckerberg) နှင့် ဇနီး ပရစ်စီလာ (Priscilla Chan) တို့ ပိုင်ဆိုင်သည့် ဖေ့စ်ဘုတ် လူမှုကွန်ရက် အစုရှယ်ယာမှာ လက်ရှိ တန်ဖိုး အမေရိကန် ဒေါ်လာ ၄၅ ဘီလီယံ ရှိပြီး Chan Zuckerberg Initiative အဖွဲ့အစည်းသစ်က ထိုရှယ်ယာငွေများကို စီမံခန့်ခွဲမည် ဖြစ်သည်။

ဇူကာဘတ်က ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် လွန်ခဲ့သော ရက်သတ္တပတ်က မွေးဖွားခဲ့သည့် ၎င်းတို့၏ သမီး အတွက် ရေးသားထားသည့် “ သမီးသို့ ပေးစာ” ၌ ရေးသားထားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ဇနီးမောင်နှံသည် အလှူငွေ လှူဒါန်းခြင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနှင့် အစိုးရ မူဝါဒ ပြုပြင်ပြောင်းလဲမှု မြှင့်တင်ရာတွင် ပေးအပ်သွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။

Chan Zuckerberg Initiative အဖွဲ့အစည်း အသစ်သည် ကိုယ်ရည်ကိုယ်သွေး လေ့လာသင်ယူခြင်း၊ ရောဂါ ကုသခြင်း၊ လူထုချိတ်ဆက်မှုနှင့် ခိုင်မာသော လူမှု အသိုင်းအဝိုင်း တည်ဆောက်ရေး စသည်တို့တွင် အဓိက ထား လုပ်ဆောင်သွားမည် ဖြစ်သည်။

ထို့ပြင် ဇူကာဘတ်၏ အစီအစဉ်တွင် လာမည့် သုံးနှစ်အတွက် တစ်နှစ်လျှင် ဖေ့စ်ဘုတ် ရှယ်ယာမှ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ အထိ လှူဒါန်းသွားရန် စီစဉ်ထားကြောင်း ဖေ့စ်ဘုတ်တွင် ဖော်ပြထားသည်။ (Xinhua)