Connect with us

International Organizations

APEC အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ဒေသတွင်း စီးပွားရေး ပြန်လည်ထူထောင်ရေးကို အတူတကွ တွန်းအားပေးဆောင်ရွက်ရန် မလေးရှားနိုင်ငံဝန်ကြီးချုပ် တိုက်တွန်း

မလေးရှားနိုင်ငံဝန်ကြီးချုပ် Muhyiddin Yassin ကနိုဝင်ဘာ ၂၀ ရက်တွင် APEC ၏ ၂၇ ကြိမ်မြောက် ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး အား တက်ရောက်ခဲ့စဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(APEC) ၏ ၂၇ ကြိမ်မြောက် ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး အား နိုဝင်ဘာ ၂၀ ရက် တွင် အွန်လိုင်းကွန်ဖရန့်ပုံစံ ဖြင့်ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးအား ဦးစီးကျင်းပ ခဲ့သည့် မလေးရှားနိုင်ငံဝန်ကြီးချုပ် Muhyiddin Yassin က ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် APEC အဖွဲ့ဝင်နိုင်ငံများအနေဖြင့် COVID-19 ကပ်ရောဂါ အား စည်းလုံးညီညွတ်စွာရင်ဆိုင်သွားပြီး ကပ်ရောဂါပြီးနောက် ဒေသတွင်း စီးပွားရေး ပြန်လည်ထူထောင်ရေးကို အတူတကွ တွန်းအားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Muhyiddin Yassin က APEC စတင်ထူထောင်ခဲ့ပြီးနောက်တွင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ကို တွန်းအားပေးခဲ့ပြီး ဒေသတွင်း ကုန်သွယ်ရေး ၊ ရင်းနှီးမြှုပ်နှံမှု နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ အတွက် များစွာ တွန်းအားပေးစေနိုင်ခဲ့ကြောင်း ၊ APEC အဖွဲ့ဝင်နိုင်ငံများ၏ COVID-19 ကပ်ရောဂါ အား အတူတကွ ရင်ဆိုင်ဖြေရှင်းရာတွင် ထင်ရှားသည့်အောင်မြင်မှုများ ရရှိနိုင်ခဲ့ကြောင်း ၊ APEC အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကပ်ရောဂါအား အတူတကွ ရင်ဆိုင်ဖြေရှင်းသွားပြီး ကမ္ဘာ့နိုင်ငံအသီးသီး မှ ပြည်သူလူထုများ တန်းတူညီမျှအသုံးပြုရရှိနိုင်သော COVID-19 ရောဂါ ကာကွယ်ဆေး နှင့် ကျန်းမာရေးနည်းပညာများ ရရှိရန် အာမခံချက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မလေးရှားနိုင်ငံဝန်ကြီးချုပ် က APEC အနေဖြင့် ကပ်ရောဂါပြီးဆုံးပြီးနောက် စီးပွားရေး ပြန်လည်ထူထောင်ရေးတွင် အရေးပါသည့် နေရာတွင် တည်ရှိနေပြီး စီးပွားရေးအသိုက်အဝန်း အသီးသီး အနေဖြင့် ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်၍ ဒေသတွင်းစီးပွားရေး အား ရေရှည်ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ပေါ်သို့ ရောက်ရှိအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ၁၉၉၄ ခုနှစ်တွင် ရေးဆွဲသတ်မှတ်ခဲ့သည့် “Bogor Goals” သည်လည်း ယခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး APEC အနေဖြင့် ဆက်လက်၍ စည်းစနစ် ကို အခြေခံသည့် နိုင်ငံတကာ ကုန်သွယ်ရေးစနစ် ကို ထောက်ခံသွားရမည်ဖြစ်ကြောင်း ၊ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဆောင်ရွက်ပြီး အပြန်အလှန်နားလည်မှု တိုးပွားအောင်ဆောင်ရွက်ကာ ဒေသတွင်းအတူတကွ စည်ပင်ဝပြောရေးကို အကောင်အထည်ဖော်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

APEC အား ၁၉၈၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး အာရှ-ပစိဖိတ်ဒေသ တွင် အဆင့်အတန်းအမြင့်ဆုံးသော ၊ အကျယ်ပြန့်ဆုံးသော ၊ သက်ရောက်မှုအရှိဆုံးသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ၁၉၉၄ ခုနှစ် တွင် အင်ဒိုနီးရှားနိုင်ငံ ဘိုဂိုတွင် အလွတ်သဘော APEC ခေါင်းဆောင်များအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေး တွင် ဖွံ့ဖြိုးပြီးစီးပွားရေးအသိုက်အဝန်းအဖွဲ့ဝင် နိုင်ငံများ က ဖွံ့ဖြိုးဆဲစီးပွားရေး အသိုက်အဝန်း အဖွဲ့ဝင်နိုင်ငံတို့ကို ၂၀၁၀ ပြည့်နှစ် နှင့် ၂၀၂၀ ပြည့်နှစ် တို့တွင် လွတ်လပ်စွာ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို အကောင်အထည်ဖော်ပေးရန် “Bogor Goals” ကို ရရှိခဲ့ကြောင်း သိရှိရသည်။ (Xinhua)