Connect with us

Latin America

အိုလံပစ် မီးရှူးတိုင် ထွန်းညှိခွင့် ရမည်ဆိုပါက အလွန် ပျော်ရွှင်မိမည်ဟု ပီလီပြော

ကမ္ဘာကျော် ဘရာဇီး ဘောလုံး အကျော်အမော် ပီလီအား တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ဘရာဇီးဂန္တဝင် ဘောလုံးသမား ပီလီက ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရို မြို့တော်တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ အိုလံပစ် ပြိုင်ပွဲ အခမ်းအနား၏ ဖွင့်ပွဲ မီးရှူးတိုင်ကို ထွန်းညှိခွင့်ရရန် ဆန္ဒရှိနေကြောင်း ထုတ်ဖော် ပြောကြား လိုက်သည်။

အသက် ၇၅ နှစ်အရွယ်ရှိ ဘောလုံးဘုရင် ပီလီသည် မာရာကာနာ ( Maracana ) အားကစား ပြိုင်ကွင်း အတွင်း ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၅ ရက်တွင် ကျင်းပမည့် ၃၁ ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား၌ မီးရှူး ထွန်းညှိခွင့်ရရန် ဆန္ဒပြင်းပြနေခြင်း ဖြစ်သည်။

“ တကယ်လို့အိုလံပစ် မီးရှူးတိုင် ထွန်းညှိခွင့် ရမယ်ဆိုရင်တော့ ကျွန်တော် အလွန်ပျော်ရွှင်မိမှာပါ ” ဟု NBC ရုပ်သံလိုင်းနှင့် အင်တာဗျူး အစီအစဉ်တွင် ပီလီက ပြောကြားသည်။ “ အကယ်၍ အဲဒီ အခမ်းအနားမှာ ပါဝင်ခွင့် ရမယ်ဆိုရင် သိပ်ကို ကြီးကျယ်တဲ့ အခွင့်အရေးပဲပေါ့။ ဘရာဇီးနိုင်ငံအတွက် ကံကောင်းခြင်းတွေကို ကျွန်တော် ယူဆောင်လာခွင့် ရမှာပေါ့ ” ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။

ကမ္ဘာ့ဖလား ချန်ပီယံ သုံးကြိမ် ဆုရှင် ပီလီသည် ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် ရွေးချယ်ခြင်း ခံရသည့် ၂ဝဝ၉ ခုနှစ်တွင် ပြုလုပ်ခဲ့သော အိုလံပစ် ပြိုင်ပွဲ အိမ်ရှင် ရွေးချယ်ပွဲကို ရုပ်မြင်သံကြား ဖန်သားပြင်မှ တဆင့် ကြည့်ရှု အားပေးခဲ့သည်။ ယခင်က အိုလံပစ် အားကစား ပြိုင်ပွဲ၌ ဆုကြေးစား အားကစားသမားများ ပါဝင် ယှဉ်ပြိုင်ခွင့် မပြုသည့်အတွက် ပီလီသည် အိုလံပစ် ဘောလုံး ပြိုင်ပွဲများတွင် တစ်ကြိမ်တစ်ခါမှ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရခဲ့ခြင်း အပေါ် ထိခိုက် ခံစားနေရသည်။

“ အိုလံပစ် ပြိုင်ပွဲမှာ တစ်ကြိမ်မှ ပါဝင်ခွင့် မရခဲ့လို့အိုလံပစ် ရွှေတံဆိပ်ဆုလည်း ကျွန်တော့်မှ တစ်ခုမှ မရှိပါဘူး။ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ခွင့် မရခဲ့တာဟာ ကျွန်တော် ကြေကွဲခဲ့ရတဲ့ အကြောင်းအချက်တစ်ခုပဲ။ ကျွန်တော်က ထိခိုက် ခံစားလွယ်လို့မျက်ရည်လည်း လွယ်လွယ်ကူကူ ကျတတ်တယ်” ဟု ပီလီက ဆိုသည်။ လက်ရှိ ဘရာဇီး နိုင်ငံ၌ ကြုံတွေ့နေရသည့် နိုင်ငံရေး နှင့် စီးပွားရေး အကြပ်အတည်းများကြောင့် ရီယို အိုလံပစ် ပြိုင်ပွဲတွင် အောင်မြင်မှုများ မရရှိမည်ကို စိုးရိမ် ပူပန်မိကြောင်း ပီလီက ဆိုသည်။ ( Xinhua )


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117