Connect with us

North America

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်၌ သင်္ဘောတိမ်းမှောက်မှုတွင် ပိတ်မိနေသူ ၄ ဦးအား အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့

အမေရိကန်နိုင်ငံ ဂျော်ဂျီယာကမ်းလွန်၌ တိမ်းမှောက်သွားသော ကုန်တင်သင်္ဘောအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် ကမ်းလွန်၌ ဖြစ်ပွားခဲ့သော ကုန်တင်သင်္ဘောတစ်စင်းတိမ်းမှောက်မှုတွင် ပိတ်မိနေသူ သင်္ဘောသား ၄ ဦးစလုံးကို အသက်ရှင်လျက် ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့(USCG) က စက်တင်ဘာ ၉ ရက်တွင် အတည်ပြုခဲ့သည်။

ကမ်းခြေစောင့်တပ်ဖွဲ့၏ အမှတ်(၇) တပ်ရင်းက ယင်းနေ့အစောပိုင်းတွင် သင်္ဘောသား ၃ ဦးကို အောင်မြင်စွာကယ်တင်နိုင်ခဲ့ကြောင်းပြောကြားခဲ့ပြီး နောက်ဆုံးကျန်ရစ်နေသူတစ်ဦးကိုလည်း ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ကြောင်း တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

“ သင်္ဘောသားကယ်ဆယ်ရေးလုပ်ငန်းတွေပြီးပြီမို့ အခုချိန်မှာတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်ဘက်ကို အလုံးစုံ ပြောင်းရွှေ့လုပ်ကိုင်နေပါတယ်။ တိမ်းမှောက်သွားတဲ့သင်္ဘောကြီးကို ဖယ်ရှားဖို့နဲ့သင်္ဘောထဲက ကုန်ပစ္စည်းတွေကို ပြန်ထုတ်ယူဖို့ကို လုပ်နေတာပါ” ဟုဆိုသည်။

Golden Ray ကုန်တင်သင်္ဘောပေါ်တွင် သင်္ဘောသား ၂၄ ဦး နှင့် မော်တော်ယာဉ် အစီးပေါင်း ထောင်ပေါင်းများစွာ သယ်ဆောင်လာခဲ့ကြောင်း ၊ ၎င်းသင်္ဘောသည် စက်တင်ဘာ ၈ ရက်တွင် ဂျော်ဂျီယာကမ်း St.Simons တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သင်္ဘောတိမ်းမှောက်မှုဖြစ်ပွားစဉ် သင်္ဘောသား ၂ဝ ဦးကို လျင်လျင်မြန်မြန် ကယ်တင်နိုင်ခဲ့သော်လည်း သင်္ဘောပေါ်တွင် မီးလောင်မှုဖြစ်ပွားနေခြင်း နှင့် သင်္ဘောအနေအထားမတည်ငြိမ်မှုဖြစ်ပွားနေခြင်းတို့ကြောင့် ကျန်ရှိနေသူများကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းအထိ ကယ်ထုတ်နိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ရသည်။ စက်တင်ဘာ ၉ ရက်တွင် ကယ်ထုတ်နိုင်ခဲ့သော သင်္ဘောအမှုထမ်း ၄ ဦးစလုံးမှာ တောင်ကိုရီးယားနိုင်ငံသားများဖြစ်ကြောင်း သိရသည်။

Golden Ray သင်္ဘောသည် တောင်ကိုရီးယားနိုင်ငံ Hyundai Glovis ကုမ္ပဏီမှ ပိုင်ဆိုင်သော သင်္ဘောတစ်စီးဖြစ်သည်။အဆိုပါသင်္ဘောတိမ်းမှောက်မှုဖြစ်စဉ်ကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း USCG ကဆိုသည်။(Xinhua)