Connect with us

North America

နယူးယောက်ပြည်နယ်တွင် COVID-19 ရောဂါ စစ်ဆေးမှု စံချိန်တင်ပြုလုပ်ခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့ Grand Central အား အောက်တိုဘာ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တွင် အောက်တိုဘာ ၁၆ ရက်က COVID-19 ရောဂါစစ်ဆေးမှုပေါင်း ၁၅၉,၀၀၀ ခုကျော် ပြုလုပ်ခဲ့ပြီး တစ်ရက်အတွင်း အရေအတွက်အများဆုံးစစ်ဆေးမှုဖြင့် စံချိန်သစ်တစ်ခု ချိုးခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo က ၎င်း၏ တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် အောက်တိုဘာ ၁၇ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

“ နိုင်ငံထဲက အခြားပြည်နယ်တွေထက် ကျွန်တော်တို့ဟာ စစ်ဆေးမှုကို ပိုလုပ်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။ယင်းနေ့တွင် ပြင်သစ်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါစစ်ဆေးမှုပေါင်း အခုရေ ၂၀၀,၀၀၀ အောက်သာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
နယူးယောက်ပြည်နယ်တွင် အောက်တိုဘာ ၁၆ ရက်က COVID-19 ရောဂါ စစ်ဆေးမှုပေါင်း ၁၅၉,၉၇၂ ခု ပြုလုပ်ခဲ့ရာ ပိုးတွေ့သူပေါင်း ၁,၇၈၄ ဦး သို့မဟုတ် စစ်ဆေးမှုစုစုပေါင်း၏ ၁ ဒသမ ၁၁ ရာခိုင်နှုန်း ရှိခဲ့ကြောင်း Cuomo က ဆိုသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အောက်တိုဘာ ၁၆ ရက်က နှာခေါင်းစည်းတပ်၍ ဖုန်းပြောနေသူတစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက်ပြည်နယ်ရှိ ရောဂါ ကူးစက်မှု မြင့်မားသည့် “အနီရောင် အဆင့်နယ်မြေများ” တွင် ကူးစက်မှုနှုန်း ၄ ဒသမ ၃၄ ရာခိုင်နှုန်းရှိခဲ့ကြောင်း နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် “ အနီရောင်အဆင့်နယ်မြေများ” တွင် ကူးစက်မှုနှုန်း ၁ ဒသမ ၀၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ သိရသည်။

ယင်းနေ့တွင် ပြည်နယ်အတွင်း ဆေးရုံတက်ရောက်ကုသမှု ခံယူရသူ စုစုပေါင်း ၉၂၉ ဦး နှင့် COVID-19 ရောဂါဖြင့် သေဆုံးသူ ၉ ဦး ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာ ဌာန က အောက်တိုဘာ ၁၇ ရက် မွန်းလွဲပိုင်းအထိ ထုတ်ပြန်ချက်အရ နယူးယောက် ပြည်နယ်သည် COVID-19 ရောဂါဖြင့် သေဆုံးသူပေါင်း ၃၃,၃၃၇ ဦးရှိကြောင်း နှင့် အမေရိကန်နိုင်ငံ ပြည်နယ်များအနက် အဆိုးရွားဆုံး ပြည်နယ်ဖြစ်ကြောင်း သိရသည်။(Xinhua)