Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွါးပြီး လူ ၂ ဦးသေ၊ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွါးပြီး ကားအတွင်းညပ်နေသူကို ကယ်ဆယ်ရေးဆောင်ရွက်စဉ် ( ဓာတ်ပုံ - မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၄၃/၅) နှင့် (၂၄၃/၆) ကြားတွင် ယနေ့ (အောက်တိုဘာ ၂၂ ရက်) နံနက်ပိုင်း၌ ယာဉ်တိုက်မှုဖြစ်ပွါးပြီး လူ ၂ ဦးသေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် ဒဏ်ရာအပြင်းအထန်ရရှိပြီး စိုးရိမ်ရကြောင်း၊ ကျန် ဒဏ်ရာရရှိသူ ၁၀ ဦးမှာ ပွန်းပဲ့၊ ပေါက်ပြဲဒဏ်ရာများ ရရှိကာ မစိုးရိမ်ရကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ အရာရှိက ဆင်ဟွာသို့ပြောသည်။

“ဘီးပေါက်ပြီးရပ်ထားတဲ့ကားကို အနောက်ကနေ ဝင်တိုက်တာ၊ နောက်ကတိုက်တဲ့ကားပေါ်က လူ ၂ ယောက်သေတယ်၊ ၂ ယောက်ကလည်း ဒဏ်ရာပြင်းတယ်” ဟု ၎င်းကဆိုသည်။

ဘီးပေါက်၍ ရပ်တန့်ထားသော FUSO ယာဥ်ပေါ်ပါ ကျား (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

ယင်း ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူများအား ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းမှယာဉ်ဖြင့် နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)