Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် မိုးတိမ်တောင်ဖြစ်စဉ်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ မိုးရေထဲတွင် သွားလာနေကြသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် မိုးတိမ်တောင်ဖြစ်စဉ်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ဦးလှထွန်းက “မိုးတိမ်တောင်ဆိုတာက အခုလိုရာသီအကူးအပြောင်းကာလ အပူနဲ့ အအေးပြောင်းနေတဲ့ကာလ ဒီလိုအခြေအနေမျိုးမှာ မိုးတိမ်တောင်တွေ ဖြစ်တတ်တဲ့ သဘောသဘာဝရှိတယ်။ နေ့အချိန်မှာပူတယ်။ ပြီးရင် ညနေဘက်မှာ အပူပြန်တက်တာပေါ့။ အဲဒီအပူပြန်တက်တာကနေပြီး အပေါ်မှာ ရေခိုးရေငွေ့တွေနဲ့ တွေ့ပြီးတော့ မိုးတိမ်တောင်ဖြစ်တယ်။ တစ်ခါတစ်ရံမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်လို့ ပြတ်ထွက်လာတဲ့ မိုးတိမ်တောင်လည်းရှိတယ်။ အခုဟာက ဒီရာသီကာလမှဖြစ်တဲ့ မိုးတိမ်တောင်ဖြစ်တယ်” ဟု ပြောသည်။

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ဦးလှထွန်းက “မိုးတိမ်တောင်တွေရဲ့ မိုးလေဝသဖြစ်စဉ်က လေပြင်းတိုက်မယ်။ လျှပ်ပြက်မယ်။ မိုးထစ်ချုန်းမယ်။ မိုးကြိုးပစ်မယ်။ မိုးသီးကြွေမယ် ဆိုတဲ့ ဖြစ်စဉ်တွေရှိတတ်တယ်။ ဒါကြောင့် မိုးလေဝသဖြစ်စဉ်တွေကို ပြည်သူတွေ၊ တောင်သူတွေ၊ ရေကြောင်း၊ လေကြောင်း ခရီးသွားတဲ့သူတွေအနေနဲ့ အထူးဂရုပြုဖို့ လိုအပ်ပါတယ်” ဟု ဦးလှထွန်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)