Connect with us

WORLD

ဩစတြေးလျနိုင်ငံတွင် နှစ်ပေါင်း ၃၀ နီးပါးအတွင်း ပထမဆုံးအကြိမ် စီးပွားရေးကျဆင်းမှုဖြစ်ပွါး

ဩစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်၊ မဲလ်ဘုန်းမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် နှာခေါင်းတပ်အမျိုးသမီးတစ်ဦးကိုတွေ့ရစဉ် (ဆင်ဟွာ)

ကန်ဘာရာ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးသည် ဇွန်လ သုံးလပတ်တွင် ၇.၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အကြီးမားဆုံး သုံးလပတ်ကျဆင်းမှု မှတ်တမ်းဝင်သွားကြောင်း စက်တင်ဘာ ၂ ရက်တွင် ဩစတြေးလျနိုင်ငံ စာရင်းအင်းဗျူရို (ABS) က ထုတ်ပြန်သည့် စာရင်များအရ သိရသည်။

အဆိုပါ ကိန်းဂဏန်းသည် ယခုနှစ် မတ်လသုံးလပတ်ကာလတွင်ရှိခဲ့သည့် ၀.၃ ရာခိုင်နှုန်းအောက် ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။ဆိုလိုသည်မှာ ဩစတြေးလျနိုင်ငံသည် နှစ်ပေါင်း ၃၀ နီးပါးကာလတွင် ပထမဆုံးအကြိမ်အဖြစ် စီးပွားရေးကျဆင်းမှုဖြစ်ပေါ်ခြင်း ဖြစ်ကြောင်း Australian Broadcasting Corporation က ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

ဩစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်၊ မဲလ်ဘုန်းမြို့ရှိ ဆိုင်တစ်ဆိုင်ရှေ့တွင် လမ်းသွားလမ်းများကို တွေ့ရစဉ် (ဆင်ဟွာ)

သုံးလပတ်အတွင်း စီးပွားရေးကျဆင်းရခြင်းမှာ “ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါနှင့် တွဲဖက်လာသော ကန့်သတ်ထိန်းချုပ်မှု မူဝါဒများ” ကြောင့် ဖြစ်သည်ဟု ABS ၏ နိုင်ငံတော်ငွေစာရင်း အကြီးအကဲ Michael Smedes က ပြောခဲ့သည်။“ကြီးမားတဲ့ပမာဏအရ ဒါဟာ၁၉၅၉ ခုနှစ်ကတည်းက သုံးလပတ် GDP အကြီးအကျယ် ကျဆင်းတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

 ဩစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်၊ မဲလ်ဘုန်းမြို့တွင် ပိတ်ထားသည့်စတိုးဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများ၊ မော်တော်ယာဉ်များနှင့် ဟိုတယ်များ၊ ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များ၌ လျော့နည်းလာပြီးနောက် ဝန်ဆောင်မှုလုပ်ငန်းများတွင် သုံးစွဲမှုများမှာ ၁၇.၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။“အိမ်ထောင်စုတွေက သူတို့ရဲ့ အမူအကျင့်တွေ ပြောင်းလဲလာတာ၊ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ကန့်သတ်ချက်တွေ သတ်မှတ်ထားတာတွေကြောင့် ဇွန်လ သုံးလပတ် ကျဆင်းမှုက အိမ်ထောင်စုတွေအနေနဲ့ ဝန်ဆောင်မှုလုပ်ငန်းပိုင်းတွေမှာ သုံးစွဲမှုစရိတ်တွေ သိသိသာသာချုံ့လာကြတာကိုတွေ့ရတယ်” ဟု Smedes က ပြောခဲ့သည်။    

ဩစတြေးလျနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Josh Frydenberg က ဇွန်လအတွက် နိုင်ငံ၏ငွေစာရင်းများက “ကြေကွဲဝမ်းနည်းဖွယ် ဇာတ်လမ်းများ” ဖြစ်ကြောင်း စက်တင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။ဗစ်တိုးရီးယားပြည်နယ်မှာ COVID-19 အခြေအနေက လာမည့် သုံးလပတ်စီးပွားရေး အခြေအနေပေါ်ကို သက်ရောက်မှုရှိနိုင်သဖြင့် ရှည်လျား၊ ခက်ခဲ၍ ကြမ်းတမ်းသော ခရီးလမ်းကို ကြုံတွေ့ရနိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။“ဇွန်လသုံးလပတ်အတွင်း ဒီလိုကျဆင်းမှုဟာ ဗစ်တိုးရီးယားပြည်နယ် အစိုးရက ဩဂုတ်လအစောပိုင်းမှာ သတ်မှတ်ခဲ့တဲ့ ကန့်သတ်ချက်လေးခုကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုပဲ ပါဝင်တာမဟုတ်ဘူးဆိုတာ သိဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ပြောခဲ့သည်။“ဒါဟာ စက်တင်ဘာ သုံးလပတ် ကိန်းဂဏန်းတွေအပေါ်  အကြီးအကျယ်ဖိစီးစေပါလိမ့်မယ်” ဟု Josh Frydenberg က ပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.