Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ် မြစ်ကြီးနား နှင့် ဖားကန့်မြို့နယ်တို့၌ ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၃,၂၀၀ ကျော် ရေဘေးသင့်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများအား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar Fire Services Department)

ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) 

ကချင်ပြည်နယ် မြစ်ကြီးနား နှင့် ဖားကန့်မြို့နယ်တို့၌ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ လူဦးရေ ၃,၂၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ယနေ့ ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

“မိုးများပြီး ရေကြီးရေလျှံ ဖြစ်တာပါ။ မြစ်ကြီးနားမှာက အိမ်ထောင်စု (၉၇)စု၊ လူဦးရေ(၄၂၄)ဦး ၊ ဖားကန့်မှာက အိမ်ထောင်စု(၄၁၀)စု ၊ လူဦးရေ(၂,၈၇၅)ဦးပါ။ကယ်ဆယ်ရေး စခန်းက မြစ်ကြီးနားမှာ ၆ ခုနဲ့ ဖားကန့်မှာ စခန်း(၄)ခုနဲ့ ဆွေမျိုးအိမ်တွေကို ပြောင်းကြတာ ရှိပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

မြစ်ကြီးနားမြို့နယ်၌ စက်တင်ဘာ ၂၇ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များသို့ မြစ်ရေဝင်ရောက်ခဲ့ရာ မြစ်ကြီးနားမြို့၊မြေနိမ့်ပိုင်း ရပ်ကွက်များဖြစ်သော လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရမ်ပူနှင့် မြို့သစ်ကြီးရပ်ကွက်တို့မှ အိမ်ထောင်စု (၉၇)စု၊ လူဦးရေ(၄၂၄)ဦးတို့သည် ရေဘေးကယ်ဆယ်ရေးစခန်း(၆)ခုသို့ ခေတ္တပြောင်းရွှေ့ခိုလှုံလျက်ရှိကြောင်း သိရသည်။ 

ဖားကန့်မြို့နယ် ရှဒူဇွပ် ကျေးရွာ၌ စက်တင်ဘာ ၂၄ ရက် နှင့် ၂၅ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကောင်းချောင်းရေလျှံတက်ခဲ့ပြီး မြေနိမ့်ပိုင်းနေရာ များသို့ ရေဝင်ရောက်ခဲ့ရာ နေအိမ်၂၃ လုံး ရေစီးနှင့်မျောပါပျက်စီးခဲ့ပြီး အိမ်ထောင်စု ၄၁၀ စုမှ လူဦးရေ ၂,၈၇၅ ဦးတို့သည် ရေဘေးကယ်ဆယ်ရေး စခန်း(၄)ခုနှင့် ဆွေမျိုးများနေအိမ်သို့ ခေတ္တပြောင်း ရွှေ့ခိုလှုံခဲ့ရကြောင်း သိရသည်။ 

ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် နေရာများသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်း ၊  ရွှေ့ပြောင်းကိစ္စများ၊ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ရေးကိစ္စများကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရေဘေးသင့် ပြည်သူများအတွက် ဆန်ရိက္ခာ ၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်း၊ အဝတ် Mask များအား ထောက်ပံ့ပေးထားကြောင်း သိရသည်။ 

ထို့အတူ ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးရှောင် ပြည်သူများအား COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ကြရန်လည်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.