Connect with us

Media

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူး အစီအစဉ်ဖြင့် အခြေခံမုန့်ဖုတ်နည်းသင်တန်း အပတ်စဉ် (၅) နှင့် (၆) အတွက် သင်တန်းများ ဖွင့်လှစ်သွားမည်

ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူး အစီအစဉ်ဖြင့် အခြေခံမုန့်ဖုတ်နည်းသင်တန်း အပတ်စဉ် (၅) နှင့် (၆) သင်တန်းများအား၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတို့တွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးနောင်နောင်လင်းအောင် “ အခွင့်အလမ်းနည်းပါးသူတွေ၊ တိုင်းရင်းသားဒေသကလူတွေ၊ အသင်းအဖွဲ့တွေကသူတွေ၊ မြန်မာနိုင်ငံအနှံ့မုန့်ဖုတ်ပညာ စိတ်ဝင်စားပြီး အလုပ်အကိုင်လိုသူတွေ အတွက် ရည်ရွယ်ပြီး အခြေခံမုန့်ဖုတ်သင်တန်းတွေကို ဖွင့်လှစ်ဖြစ်တာပါ” ဟု ဆင်ဟွာသို့ ယနေ့အောက်တိုဘာ ၂၂ ရက်တွင်ပြောသည်။၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူး အစီအစဉ်ဖြင့် အခြေခံမုန့်ဖုတ်နည်းသင်တန်း အပတ်စဉ် (၃) သင်တန်းဆင်းပွဲနှင့် အပတ်စဉ် (၄) သင်တန်းဖွင့်ပွဲတို့ကို ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနတွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း ဦးနောင်နောင်လင်းအောင်၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ အနေနဲ့ အခြေခံမုန့်ဖုတ်သင်တန်းအတွက် အမှတ်စဉ် တစ်ခုစီကို ၄ ပတ်ကြာ သင်ကြားပေးဖြစ်ပါတယ်။ ဒါကြောင့် မုန့်ဖုတ်သင်တန်း အမှတ်စဉ် (၄) အပြီးဖြစ်တဲ့ အမှတ်(၅) ကို ဒီဇင်ဘာလ၊ အမှတ်စဉ် (၆) ကို ဇန်နဝါရီလ မှာ ဖွင့်လှစ်သွားမှာပါ” ဟု ဦးနောင်နောင်လင်းအောင်က ပြောသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူး အစီအစဉ်ဖြင့် ဆောင်ရွက်သည့် အဆိုပါသင်တန်းများသည် ခရီးသွားလုပ်ငန်းအတွက် လိုအပ်လျက်ရှိသည့် လူ့စွမ်းအား အရင်းအမြစ်များ၊ ကိုဗစ်ပြီးခါစတွင် အလုပ်အကိုင် အခက်အခဲဖြစ်နေသည့် လူများအတွက် တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်ကြောင်း ၎င်းကဆိုသည်။

“ဒါကြောင့် ကျွန်တော်အနေနဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းကိုရော၊ တရုတ်နိုင်ငံကိုရော ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ အခု မုန့်ဖုတ်လုပ်ငန်းစီမံကိန်းလေးကတော့ အောင်မြင်နေတဲ့ စီမံကိန်းလေးတစ်ခုဖြစ်တယ်။ နောက်ပြီး လူတွေအလုပ်အကိုင်ရရှိမှုနဲ့ အသေးစားလုပ်ငန်းလေးတွေ စထာင်ဖို့အတွက်လည်း တကယ်ထိရောက်တဲ့ စီမံကိန်းလေးဖြစ်ပါတယ်။

ဒီလိုစီမံကိန်းလေးတွေအတွက် သင်တန်းတွေဖွင့်လှစ်နိုင်ဖို့ ကူညီပံ့ပိုးမှုပေးနေတဲ့ တရုတ်နိုင်ငံကိုလည်း သင်တန်းလေးတွေ ဆက်လက်ဖွင့်လှစ်နိုင်ဖို့အတွက် တင်ပြသွားဖို့ရှိပါတယ်” ဟုဦးနောင်နောင်လင်းအောင်က ပြောသည်။သင်တန်းသားဦးရေကို သင်တန်းအပတ်စဉ် တစ်ခုလျှင် လူဦးရေ ၂၀ ဦး သတ်မှတ်ထားကြောင်း သိရသည်။

သင်တန်းလျှောက်လွှာများကို https://moht.qrd.by/applicationform တွင် Download ရယူ၍ [email protected] သို့မဟုတ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (CTD)(ရန်ကုန်) သို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။သင်တန်းတွင် ဈေးကွက်ထဲတွင်လက်တွေ့ အသုံးကျမည့် နိုင်ငံတကာ မုန့်အမျိုးအစား (၄၈) မျိုးကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သင်တန်းဝင်ခွင့်လျှောက်ထားသူများအား ပဏာမစစ်ဆေးခြင်း (Screening Test)၊ လူတွေ့စစ်ဆေးခြင်း (Interview) များဖြင့် အဆင့်ဆင့်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.