Connect with us

Culture & Entertainment

ရုပ်ရှင်ရုံပေါင်း ၆၀ ခန့်ကို ဧပြီ ၁၇ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်

ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

ကျန်းမာရေးဝန်ကြီးဌာနက COVID-19 တားဆီးရေးဆိုင်ရာ အစီအမံများနှင့်အညီ ပြုစုထားသည့် “ရုပ်ရှင်ပြသရာတွင် လိုက်နာဆောင်ရွက်ရမည့် စံပြုသတ်မှတ်ချက်နှင့်အညီ လိုက်နာကျင့်သုံး ဆောင်ရွက်ပြီး ပထမအဆင့်ပြသရန် လျာထားသည့် ရုပ်ရှင်ရုံ(၆၀)ခန့်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်(မြန်မာနှစ်ဆန်း ၁ ရက်နေ့)တွင် ပြန်လည်ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ဆင်ဟွာ သို့ ယနေ့ မတ် ၂၄ ရက်တွင် အတည်ပြုပြောကြားသည်။

ဦးအေးကြွယ်က “COVID-19 ကြောင့် ရုပ်ရှင်လုပ်ငန်းတွေ ရုပ်ရှင်ပြသမှုတွေ ရပ်နားခဲ့ရတယ်။ အခုဆိုရင် ရပ်နားခဲ့ရတာ ၂နှစ်နီးပါးရှိပါတယ်။ ရုပ်ရှင်လုပ်ငန်းမှာ ရိုက်ကူးရေးလုပ်ငန်းနဲ့ ပြသရေးလုပ်ငန်းဆိုပြီး ၂ မျိုးရှိပါတယ်။ ပြသရေးလုပ်ငန်းတွေ ပြန်လည်လည်ပတ်မှသာ ရုပ်ရှင်ဇာတ်ကားတွေ ပုံမှန်ရိုက်ကူးထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ COVID-19 ရောဂါကို လည်း လက်ရှိ မှာ အထိုက်အလျောက်ထိန်းချုပ်နိုင်နေပြီဖြစ်ပါတယ်။ Standard Operating Proceduresလို့ခေါ်တဲ့ SOP ကိုလည်း စနစ်တကျရေးဆွဲဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဒါကြောင့်ရုပ်ရှင်ထုတ်လုပ်ထားသူတွေ ဝင်ငွေပြန်လည်ရရှိနိုင်ဖို့၊ ရုပ်ရှင်လုပ်ငန်းက လူတွေဝင်ငွေပြန်လည်ရရှိဖို့နဲ့ ပြည်သူတွေ စိတ်လက်အပန်းဖြေနိုင်ဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာပါ’’ ဟု ဆိုသည်။

ထိုင်ခုံနေရာက အစ အားလုံးကို SOP နှင့် အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုသည် လူစုလူဝေးများမှတစ်ဆင့် လျင်မြန်စွာ ဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူများ၏ ကျန်းမာရေးကို အလေးပေး ရှေးရှုသောအားဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ပြသခြင်းများကို ၂၀၂၀ ပြည့်နှစ်၊ မတ်(၁၆) ရက်မှ စတင်၍ ရပ်ဆိုင်းထားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)