Connect with us

Politics & Security

တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ခိုင်မာ ကြီးထွားလာကြောင်း အာဆီယံ ဥက္ကဋ္ဌ ပြောကြား

၁၉ ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသည့် ခေါင်းဆောင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နှင့် အာဆီယံ အကြား ထိရောက်သည့် ဆွေးနွေးဖက် လုပ်ထုံးလုပ်နည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု ဆက်ဆံရေးသည် ခိုင်မာ ကြီးမားလာကြောင်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားရသည့် လာအိုနိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith က စက်တင်ဘာလ ၇ ရက်၌ ပြောကြားခဲ့သည်။

၁၉ ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီး အစည်းအဝေးအား လာအိုနိုင်ငံ ဗီယင်ကျန်း၌ ကျင်းပနေပြီး နှစ်ဦးနှစ်ဘက် ဆွေးနွေးဘက် ဆက်ဆံရေး၏ ၂၅ နှစ်မြောက် အထိမ်းအမှတ်လည်း ဖြစ်သည်။
လွန်ခဲ့သော ၂၅ နှစ်အတွင်းက အာဆီယံနှင့် တရုတ် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဖလှယ်ခြင်းများသည် အပြန်အလှန် နားလည်မှုများဖြင့် တိုးတက်လျက်ရှိခဲ့ကြောင်း Thongloun က အစည်းအဝေး၌ ပြောကြားခဲ့သည်။
ယင်းအချက်အား အခြေခံကာ နှစ်ဘက်လုံးအနေဖြင့် ပြည်သူ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးမြှင့်ရမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
အဆိုပါ ထိပ်သီး အစည်းအဝေးသို့ တရုတ်နိုင်ငံ လီခဲ့ချန်နှင့် အာဆီယံ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး အထိမ်းအမှတ် ဂုဏ်ပြု အစည်းအဝေး၌ တရုတ် ဝန်ကြီးချုပ် လီခဲ့ချန်က မိန့်ခွန်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အာဆီယံ၏ အတက်ကြွဆုံး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ ဖြစ်ပြီး အာဆီယံ၏ အကြီးဆုံး ကုန်သွယ်ဖက် လည်း ဖြစ်သလို အာဆီယံကလည်း တရုတ်၏ တတိယမြောက် အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်သည်။ တရုတ်နှင့် အာဆီယံအကြား လွန်ခဲ့သော ၂၅ နှစ်က နယ်ပယ်များစွာ၌ အရေးပါသည့် အောင်မြင်မှုများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အာဆီယံသည် စက်တင်ဘာလ ၆ ရက်မှ စတင်ကာ ၂၈ ကြိမ်မြောက်နှင့် ၂၉ ကြိမ်မြောက် ထိပ်သီး အစည်းအဝေးများအား ကျင်းပလျက်ရှိသည်။ ထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ် အစည်းအဝေးများ ဖြစ်သည့် အာဆီယံ+၁ ထိပ်သီး အစည်းအဝေး၊ အာဆီယံ+၃ (တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား) အစည်းအဝေးနှင့် အရှေ့အာရှ ထိပ်သီး အစည်းအဝေးများအား စက်တင်ဘာလ ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.