Connect with us

Local

မော်တော်ယာဉ်စက်မှုဇုန်တစ်ရပ် ဖော်ထုတ်ပေးရန် ပုဂ္ဂလိက ကဏ္ဍမှ တင်ပြထား

ရန်ကုန် ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ)

မော်တော်ယာဉ်စက်ရုံနှင့် ဆက်စပ်ပစ္စည်းစက်ရုံများနှင့် စမ်းသပ်မောင်းနှင်နိုင်မည့် မြေနေရာပါရှိသော မော်တော်ယာဉ်စက်မှုဇုန်တစ်ရပ် ဖော်ထုတ်ပေးရန် ပုဂ္ဂလိက ကဏ္ဍမှ တင်ပြချက် အဖြစ် မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေး နှင့် ဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းရှင်များ အသင်းမှ ဒုတိယ သမ္မတ(၁) ဦးဆောင်သော ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီအား တင်ပြခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

မော်တော်ယာဉ်စက်မှုဇုန်တစ်ရပ် ဖော်ထုတ်ပေးရန် စက်မှုဇုန်မြေဈေးများ ကြီးမြင့်နေခြင်း၊ မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရန် တစ်ဆက်တည်း စက်မှုမြေနေရာမရှိခြင်း၊ မီးနှင့်ရေ လုံလောက်စွာရရှိမှုမရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေး နှင့် ဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း၏ တင်ပြချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး နှင့် အခြားပြည်နယ်/တိုင်းဒေသကြီးများတွင် ကောက်ခံလျက်ရှိသော ကားတစ်စီး၏ အခွန်နှုန်းများ တူညီနေပါသဖြင့် ရန်ကုန်လိုင်စင်ကားများ အဝယ်များပြီး ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ ကြုံတွေ့နေရခြင်းကြောင့် ကားအစီရေနည်းသည့် ပြည်နယ်/တိုင်းများအတွက် အခွန်နှုန်းထား ခွဲခြား သတ်မှတ် ပေးရန်လည်း ထည့်သွင်း တင်ပြခဲ့ကြောင်း သိရသည်။

ဒုတိယ သမ္မတ(၁) ဦးဆောင်သော ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ နှင့် ပုဂ္ဂလိက ကဏ္ဍ ကိုယ်စားလှယ်များ လစဉ် ပုံမှန် တွေ့ဆုံပွဲအား အောက်တိုဘာ ၂၇ ရက်တွင် ပြုလုပ်ရာ ထိုကဲ့သို့ တင်ပြခဲ့ခြင်းများ ဖြစ်သည်။

ထိုတွေ့ဆုံပွဲတွင် ကချင်ပြည်နယ် ပုဂ္ဂလိက ကဏ္ဍ ဖွ့ဖြိုး တိုးတက်ရေး အဖြစ် ကန်ပိုက်တည် နယ်စပ်ဂိတ်အား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်ဂိတ်အဖြစ် သတ်မှတ်ကာ Border Pass အဆင့်သာမကာ Visa များ ထုတ်ပေးပါရန် နှင့် Border Pass လက်မှတ်သာ ထုတ်ပေးကာ ဝိုင်းမော်မြို့အထိသာ သွားရောက်ခွင့်ပြုထားခြင်းအား ဖြေလျှော့ပေးရန် ထည့်သွင်း တင်ပြချက်များ ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးတွင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် အလွန် အရေးကြီးသည်ကို တွေ့ရမှာဖြစ်ကြောင်း ၊ ကုန်သွယ်မှုကဏ္ဍတွင်လည်း ပုဂ္ဂလိက ကဏ္ဍပါဝင်မှုမှာ တိုးတက်လျက်ရှိပြီး၊ ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်အထိ ပုဂ္ဂလိကကဏ္ဍအနေဖြင့် ပို့ကုန်မှာ ၆၅ရာခိုင်နှုန်းနှင့် သွင်းကုန်မှာ ၉၄ရာခိုင်နှုန်းရှိပြီး စုစုပေါင်း ကုန်သွယ်မှုတွင် ပုဂ္ဂလိက ကဏ္ဍအနေဖြင့် ၈၃ရာခိုင်နှုန်း အထိ ပါဝင်သည်ကို တွေ့ရှိရကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ထိုတွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.