Connect with us

Local

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင်ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၉ ရက်နေ့ နံနက်တွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဦးဖြိုးမင်းသိန်းက “ဒီနေ့ဟာ ရန်ကုန်မြို့မှာ ဒုတိယအကြိမ် ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာ ပြပွဲနေ့ ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်)ရဲ့ ကြိုးပမ်းဆောင်ရွက်ထားမှု အပေါ်မှာ အသိအမှတ်ပြုပါတယ်။ ဒီဆောင်ရွက်မှုတွေဟာ နိုင်ငံအတွက် အလွန်အင်မတန်ကို အကျိုးဖြစ်ထွန်းပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုပြပွဲတွေကို တိုးမြှင့်ပြီး ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံတကာအလယ်မှာ ရင်ဘောင်တန်း ရပ်တည်နိုင်မယ်။ နိုင်ငံရဲ့ စီးပွားရေးကဏ္ဍကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။” ဟု ပြောကြားသည်။

ယခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း နိုင်ငံတကာမှ ဧည့်သည်များ ဝင်ထွက်သွားလာနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ဈေးကွက်ကို ထူထောင်ပေးနိုင်ရန် ရည်ရွယ်၍ ကဏ္ဍနယ်ပယ် အသီးသီးတွင် ပြပွဲများကို များစွာလုပ်ဆောင်ရန် ပြင်ဆင်ထားကြောင်း၊ နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင်များ မြန်မာပြည်ဈေးကွက်ကို လာမည်ဆိုပါက လွယ်ကူချောမွေ့နိုင်စေရန်၊ One Stop Service ဖြင့် ကူညီပေးနိုင်ရန်အတွက် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

ပထမအကြိမ် ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲတွင် အမေရိကန်ဒေါ်လာ နှစ်သိန်း၊ကိုးသောင်းကျော်နှင့် မြန်မာငွေကျပ် သိန်းတစ်သောင်း၊သုံးထောင်ကျော်တို့ဖြင့် ရောင်းချနိုင်ခဲ့ပြီး နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာများ ပေးသွင်းခဲ့ကြောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာ ပြပွဲနေ့ကို International Jewel Calendar တွင် ထည့်သွင်းဖော်ပြခြင်း ခံခဲ့ရကြောင်း၊ ယခုပြပွဲကို ဇန်နဝါရီ ၉ရက်မှ ဇန်နဝါရီ ၁၃ရက် အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်နှင့် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.