Connect with us

Local

၂၀၁၉-၂၀ ဘဏ္ဍာနှစ် ၁၁ လအတွင်း နယ်စပ်ကုန်သွယ်မှု ကန်ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံကျော် ရရှိ

ထီးခီးကုန်သွယ်ရေးစခန်း၌ ရေထွက်ပစ္စည်းများ စစ်ဆေးနေမှုအား တွေ့ရစဉ်(ဓာတ်ပုံ - commerce)

ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) 

ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၈ ရက်အထိ နယ်စပ်ကုန်သွယ်ရေးစခန်းများ၏ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၉,၆၈၀ ဒသမ ၅၄၂ (အမေရိကန်ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံကျော်) ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ 

နယ်စပ်ကုန်သွယ်ရေးစခန်းများ၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံကျော်တွင် ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ ဘီလီယံကျော် နှင့် သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံကျော် ပါဝင်ကြောင်း သိရသည်။ 

စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက “အခုလောလောဆယ်တော့ နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သတ်ပြီး လက်ရှိမှာ ပို့ကုန်ပိုင်းဆိုရင် နယ်စပ်စခန်းတွေ ကုန်သွယ်ရေး စခန်းအလိုက် လက်ရှိ ဒီနှစ်အနေအထားကတော့ နည်းနည်း လျော့နည်းသွားတာပေါ့။ လယ်ယာထွက်ကုန် ၊ တိရစ္ဆာန်ထွက် ဆိုရင် တော်တော်လေးကို ကျသွားတယ်။ တိရစ္ဆာန်ထွက်ဆိုရင် တော်တော်ကြီးကို ကျသွားတယ်။ တော်တော်လေး နည်းသွားတယ်။ မနှစ်က အနေအထားကိုတော့ မမီနိုင်တော့ဘူး ။ ရေထွက်ပစ္စည်းကတော့ မဆိုးဘူး ။ ပုံမှန်အခြေအနေရှိတယ်။ ရေထွက် ၊ သတ္ထုတွင်းထွက် ရှိတယ်။ 

သွင်းကုန်အပိုင်းမှာလည်း နယ်စပ်အားလုံးနဲ့ ပြောမယ်ဆိုရင် သွင်းကုန်ပိုင်းမှာ အထိုက်အလျောက်ပေါ့ ။ မနှစ်ကထက်တော့ အများကြီး သွင်းကုန်အပိုင်းမှာ မကွာခြားဘူး ။ လူသုံးကုန် ပစ္စည်း တင်သွင်းမှုကတော့ ဒီနှစ်မှာတော့ နည်းသွားတယ်။ ဒါကတော့ COVID-19 ဖြစ်နေတဲ့အတွက်ကြောင့်ပေါ့။”ဟု ပြောကြားခဲ့သည်။

ယခုဘဏ္ဍာနှစ် နယ်စပ်ကုန်သွယ်မှုပမာဏသည် ယခင်ဘဏ္ဍာနှစ် ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂၄၄ သန်းကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း ၊ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ် အလားတူ ကာလတွင် အမေရိကန်ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံကျော် ရရှိခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ 

နယ်စပ်ကုန်သွယ်ရေးစခန်းများအလိုက် ကုန်သွယ်မှု ပမာဏတွင် မူဆယ်စခန်းသည် ကုန်သွယ်မှုပမာဏ အများဆုံး ဖြစ်ပြီး ၄ ဒသမ ၃ ဘီလီယံကျော်ရှိပြီး ယင်းနောက်တွင် ထီးခီးစခန်းသည် ဒုတိယ ကုန်သွယ်မှု ပမာဏ အများဆုံး ဖြစ်ကာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကျော် ရှိကြောင်း သိရသည်။ 

မြန်မာနိုင်ငံအနေဖြင့် အဓိက ပို့ကုန်များတွင် လယ်ယာထွက်ကုန်ပစ္စည်း ၊ တိရစ္ဆာန်ထွက်ပစ္စည်း ၊ ရေထွက်ပစ္စည်း၊ သတ္ထုတွင်းထွက်ပစ္စည်း ၊ သစ်တောထွက်ပစ္စည်း ၊ စက်မှုကုန်ချောပစ္စည်း နှင့် အခြားတို့ ဖြစ်ကာ သွင်းကုန်များမှာ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများ ၊ လူသုံးကုန်ပစ္စည်းများ တို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)