Connect with us

Economy

ကိုကာကိုလာက တရုတ်နိုင်ငံ ထောက်ပံ့ရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ဟူပေ Swire Coca-Cola အဖျော်ယမကာလုပ်ငန်းလီမိတက်၏ ထုတ်လုပ်မှုလုပ်ငန်းခွင်အား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ ကိုကာကိုလာအဖျော်ယမကာလုပ်ငန်းကြီး (Coca-Cola China) နှင့် ၎င်း၏ ပုလင်းသွတ်ခြင်း မိတ်ဖက်လုပ်ငန်းများသည် တရုတ် ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများ၌ ထိရောက်မှုတိုးတက်စေရန်၊ ထုတ်လုပ်မှုသေချာစေရန်နှင့် ပြည်တွင်းစားသုံးသူများ၏ တောင်းဆိုမှုကို ပြည့်မီစေရန် ရင်းနှီးမြှုပ်နှံမှုကို ဆက်လက် တိုးချဲ့သွားမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ အဖျော်ယမကာလုပ်ငန်းကြီးသည် COVID-19 ကူးစက်ရောဂါ သက်ရောက်မှုရှိခဲ့သော်ငြားလည်း တရုတ်နိုင်ငံဈေးကွက်တွင် ဒုတိယသုံးလပတ် ရလဒ်များ ကောင်းမွန်ခဲ့ကြောင်းနှင့် စားသုံးသူ လိုအပ်ချက်များ ပြည့်မီစေရန် တရုတ်နိုင်ငံတွင် စက်ရုံအသစ်များနှင့် ထုတ်လုပ်မှုလုပ်ငန်းများကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆိုသည်။ 

၂၀၂၀ ပြည့်နှစ် ဒုတိယနှစ်ဝက်တွင် ကိုကာကိုလာ၏ ပုလင်းသွတ်လုပ်ငန်းတစ်ခုဖြစ်သော Swire Coca-Cola သည် ထုတ်လုပ်ရေးလုပ်ငန်းအသစ် ၆ ခုကို ဆောင်ရွက်ရန် စီစဉ်ထားကာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် သန်း ၂၅၀ (အမေရိကန်ဒေါ်လာ ၃၆ သန်းခန့်) ရှိပြီး နှစ်စဉ် ထပ်တိုးထုတ်လုပ်မှုတန်ဖိုးမှာ ယွမ် ၁.၇ ဘီလီယံ ကျော်သွားပြီဖြစ်ကြောင်း သိရသည်။ 

Swire Coca-Cola သည် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိစက်ရုံ၌ ပလပ်စတစ်ပုလင်း ထုတ်လုပ်မှုလုပ်ငန်းတစ်ခု ထပ်တိုးရန် စီစဉ်ထားပြီး ၂၀၂၁ ခုနှစ် မေလတွင် စတင်လည်ပတ်ဖွယ်ရှိသည်။ 

ထို့ပြင် ကိုကာကိုလာ၏ နောက်ထပ် ပုလင်းသွတ်မိတ်ဖက်လုပ်ငန်းတစ်ခုဖြစ်သော COFCO Coca-Cola အဖျော်ယမကာလီမိတက်ကလည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် ပထမဆုံးစက်ရုံကို စတင်တည်ဆောက်လျက်ရှိသည်။ 

အဆိုပါ စက်ရုံသစ်သည် ခန့်မှန်းခြေ ရင်းနှီးမြှုပ်နှှံမှု ယွမ် သန်း ၂၇၀ ရှိပြီး ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် လုပ်ငန်းလည်ပတ်နိုင်ရန်လျာထားပြီး တစ်နှစ်လျှင် တန် ၁၇၀,၀၀၀ ထုတ်လုပ်နိုင်သည့် အဆင့်မြင့် PET ဆိုဒါထုတ်လုပ်မှုလုပ်ငန်းနှစ်ခုဖြင့် စတင်သွားမည် ဖြစ်ကြောင်း သိရသည်။ 

“ဒုတိယသုံးလပတ်က စိန်ခေါ်မှုအရှိဆုံးနှစ်ဖြစ်တယ်ဆိုတာကို ပြသပေးမယ်လို့ ယုံကြည်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ ဆက်လုပ်သွားမှာပါ။ ကုမ္ပဏီအနေနဲ့ ပြောင်းလဲမှုမြန်ဆန်တဲ့ အခင်းအကျင်းမှာ မဟာဗျူဟာတွေကို ချိန်ညှိဖို့နဲ့ အရှိန်မြှင့်တင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ကိုကာကိုလာကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် စီအီးအို James Quincey က ပြောခဲ့သည်။ 

ထို့ပြင် ကုမ္ပဏီက ထုတ်လုပ်မှုလုပ်ငန်းအသစ် မိတ်ဆက်ရာ၌ ကူးစက်ရောဂါဖြစ်ပွားစဉ်ကစ၍ အွန်လိုင်းမှဈေးဝယ်ခြင်း (online shopping) အတွက် တောင်းဆိုချက်မြင့်မားလာခြင်းနှင့် ကြုံတွေ့နေရသော တရုတ်နိုင်ငံတွင် ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်လျက်ရှိသည်ဟု ဆိုသည်။ 

တရုတ်နိုင်ငံရှိ ကိုကာကိုလာလုပ်ငန်းသည် အလားအလာရှိသော အွန်လိုင်းအသုံးပြုသူများကို လွှမ်းခြုံနိုင်စေရန် Meituan Dianping နှင့် JD.com စသည့် အွန်လိုင်းမှဈေးဝယ်ခြင်း၊ ဝန်ဆောင်မှုပလက်ဖောင်းများနှင့် အနီးကပ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။  (Xinhua)