Connect with us

Economy

လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများ နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု တရုတ်နိုင်ငံ ဝန်ကြီးချုပ် ပြော

ပထမအကြိမ် လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ခေါင်းဆောင်များ အစည်းအဝေး ဖွင့််ပွဲ အားတွေ့ရစဉ် ( ဆင်ဟွာ )

Sanya၊ဟိုင်နန် ၊ မတ် ၂၃ ရက် ( ဆင်ဟွာ )

ပထမအကြိမ် လန်ချန်း-မဲခေါင် ခေါင်းဆောင်များ ညီလာခံတွင် မဲခေါင်မြစ်ဝှမ်း ဒေသတွင်း နိုင်ငံများနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ( Li Keqiang ) က ထုတ်ဖော်ပြောဆို လိုက်သည်။

“shared river, shared future” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပသည့် ပထမအကြိမ် လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေး ( LMC ) ခေါင်းဆောင်များ အစည်းအဝေးကို တရုတ်နိုင်ငံ တောင်ပိုင်း ၊ ဟိုင်နန်စီရင်စု ၊ Sanya တွင် မတ်လ ၂၂ ၊ ၂၃ ရက်များတွင် ကျင်းပလျက် ရှိသည်။ အခမ်းအနားသို့ တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ၊ ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန် ၊ လာအိုနိုင်ငံ ဝန်ကြီးချုပ် သွန်ဆင်သန်မာဗောင်း ၊ မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် ဗီယက်နမ် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဖန်ဘင်မင် တို့တက်ရောက်လျက် ရှိသည်။

အစည်းအဝေးတွင် တရုတ် နိုင်ငံဝန်ကြီး ချုပ်လီ က မဲခေါင် ဒေသတွင်း နိုင်ငံများ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး အတွက် အားလုံးပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း နှင့် နိုင်ငံ တစ်ခုချင်းစီက သဘာဝ အရင်းအမြစ် ၊ စက်မှုလုပ်ငန်း ၊ ဈေးကွက်များ စီမံ ဆောင်ရွက်နိုင်ရန် အတွက် ထောက်ခံအားပေးခြင်းဖြင့် မဲခေါင် ဒေသတွင်း ပြည်သူများ၏ လူမှုရေးနှင့် စီးပွားရေး ကဏ္ဍများ ဖွံ့ဖြိုး တိုးတက်လာစေမည်ဟု ဆိုသည်။
ထိုသို့တရုတ်နိုင်ငံ ဝန်ကြီးချုပ်၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များ အသင်း ( UMFCCI) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက “ သူငယ်ချင်းဆိုတာ ရွေးချယ်လို့ရပေမယ့် အိမ်နီးချင်းဆိုတာ ရွေးချယ်ခွင့် မရှိပါဘူး။ ဒီလိုအင်အားကြီး အိမ်နီးချင်း နိုင်ငံတစ်ခု နဲ့ပူးပေါင်း လုပ်ဆောင်နိုင်မယ်ဆိုရင် မြန်မာပြည် အနာဂတ်ဟာလည်း ပိုမို တိုးတက် ကောင်းမွန်လာမယ်လို့ယုံကြည်ပါတယ်” ဟု ဆင်ဟွာ သတင်းဌာနသို့မှတ်ချက်ပြု ပြောဆိုခဲ့သည်။
ထို့ပြင် ဒေါက်တာ မောင်မောင်လေးက လန်ချန်း-မဲခေါင် အဖွဲ့ကြီးသည် ဒေသတွင်းအတွက် အလွန်အရေးပါသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း နှင့် နိုင်ငံတစ်ခုချင်းစီ၏ နိုင်ငံရေး ၊ လူမှုရေး နှင့် လုံခြုံရေးကဏ္ဍများ နှင့်ပါ သက်ဆိုင်နေကြောင်း ၎င်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.