Connect with us

Environment, Disasters & Accidents

ပိတ်မိနေသော မိုင်းတွင်းလုပ်သားများထံ သွားရောက်ရန် ကယ်ဆယ်ရေးသမားများက ရေမြုပ်နေသည့် မိုင်းတွင်းအတွင်း ဝင်ရောက်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် လဲ့ယန်မြို့ရှိ ရေနစ်မြုပ်နေသော ကျောက်မီးသွေးတွင်းထဲသို့ ကယ်ဆယ်ရေးသမားများ ဝင်ရောက်နေကြစဉ် (ဆင်ဟွာ)

ချန်ရှား၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်တွင် ပိတ်မိနေသော မိုင်းတွင်းလုပ်သား ၁၃ ဦးကိုရှာဖွေရန် ကယ်ဆယ်ရေးသမားများစွာသည် ဒီဇင်ဘာ ၃ ရက်၌ ရေနစ်မြုပ်နေသော ကျောက်မီးသွေးတွင်းထဲသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။
လဲ့ယန်မြို့ရှိ ရေဖုံးလွှမ်းနေသော Yuanjiangshan ကျောက်မီးသွေးတွင်း၌ မြေအောက်ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် ကယ်ဆယ်သမားများအတွက် နေရာရရှိရန်အတွက် တွင်းထဲမှရေများကို ရေစုပ်စက်များဖြင့် လေးရက်ကြာ စုပ်ထုတ်ပြီးနောက် ယခုကဲ့သို့ ကယ်ဆယ်ရေးအဆင့်သစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေသခံကယ်ဆယ်ရေးဌာနချုပ်က ပြောခဲ့သည်။

ရေဖုံးလွှမ်းခြင်းသည် ခန့်မှန်းခြေအားဖြင့် နိုဝင်ဘာ ၂၉ ရက် နံနက် ၁၁:၃၀ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုင်းတွင်းအလုပ်သမား ၁၃ ဦး ပိတ်မိနေခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၃ ရက် နံနက် ၁၀ နာရီခန့်တွင် ကယ်ဆယ်ရေးသမား ၄၀ ကျော်သည် နဖူးစည်းဓာတ်မီးများဝတ်ဆင်လျက် အသက်ရှူကိရိယာများနှင့် ကယ်ဆယ်ရေးပစ္စည်းများဖြင့် ရွှံ့နွံများ ရှင်းလင်းရန်နှင့် ပိတ်မိနေသော အလုပ်သမားများကို ရှာဖွေရန် မိုင်းတွင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။

“တွင်းထဲမှာရှိတဲ့ ရေတွေအားလုံးကတော့ စုပ်ထုတ်လို့ပြီးလုနီးပါပဲ။ ကျွန်တော်တို့ရဲ့ ရှာဖွေရေးနယ်ပယ်ကို တိုးချဲ့နေပါတယ်” ဟု ကယ်ဆယ်ရေးသမားတစ်ဦးက ပြောခဲ့သည်။

အဆိုပါ ပြည်နယ်တွင် ရှုပ်ထွေးလှသော မြေအောက်အခြေအနေများကြောင့် နှောင့်နှေးနေခဲ့သော ကယ်ဆယ်ရေးလုပ်ငန်းအတွက် လူပေါင်း ၉၂၀ ကျော်ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့ ၁၄ ဖွဲ့ဖြင့် စုပေါင်းကာ ဆောင်ရွက်ခဲ့ကြကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယင်းနေရာ၌ ကျန်းမာရေးဝန်ထမ်းများစွာနှင့်အတူ ဆေးရုံကား စီးရေ ၂၀ သည်လည်း ပြန်လည်ကယ်ထုတ်နိုင်သော ကျောက်မီးသွေးတွင်းလုပ်သားများကို အရေးပေါ်ကုသမှုပေးနိုင်ရန် အသင့်ရှိနေကြကြောင်း သိရသည်။ (Xinhua)

#China, #Mine, #Rescue, #Xinhua, #တရုတ်, #မိုင်းတွင်း, #ကယ်ဆယ်ရေး, #ဆင်ဟွာ