Connect with us

Politics, Law & Military

တရုတ်-အမေရိကန် ကုန်သွယ်ရေးသဘောတူညီချက်နှင့်စပ်လျဉ်း၍ နှစ်နိုင်ငံ သမ္မတ ဖုန်းဖြင့်ဆက်သွယ် ဆွေးနွေး

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်တို့ ဇွန် ၂၉ ရက် ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း၊ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန် သမ္မတ ထရမ့်တို့သည် ချိန်းဆိုထားသည့်အတိုင်း ဒီဇင်ဘာ ၂၀ ရက်က  ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆက်သွယ်ဆွေးနွေးရာတွင် ထရမ့်က  အမေရိကန်-တရုတ် ပထမအဆင့် ကုန်သွယ်ရေး သဘောတူညီချက်သည် အမေရိကန်၊တရုတ်နှင့် တစ်ကမ္ဘာလုံးအတွက် ကောင်းမွန်သည့် ကိစ္စဖြစ်ရာ နှစ်နိုင်ငံ ဈေးကွက်နှင့် ကမ္ဘာက  ယင်းအပေါ် အလွန်အပြုသဘောဆောင်သည့် တုန့်ပြန်မှုများ ရှိခဲ့ ကြောင်း၊ အမေရိကန် အနေဖြင့် တရုတ်နှင့်အတူ နီးကပ်သည့်ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွား မည် ဖြစ်ပြီး သဘောတူညီချက်ကို အမြန်ဆုံးလက်မှတ်ထိုးနိုင်ရန်နှင့် အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

 ရှီကလည်း တရုတ်-အမေရိကန် နှစ်နိုင်ငံသည် တန်းတူညီမျှရှိမှုနှင့်အပြန်အလှန်လေးစားမှုပေါ်တွင် အခြေခံ၍ ပထမအဆင့် ကုန်သွယ်ရေး သဘောတူညီချက်ရရှိထားခြင်းဖြစ်ကြောင်း ၊ လက်ရှိ နိုင်ငံတကာပတ်ဝန်းကျင်သည် အလွန်တရာ ရှုပ်ထွေးလျက်ရှိရာတွင် နှစ်နိုင်ငံ အကြား သဘောတူညီချက်ရရှိထားခြင်းသည်  တရုတ်နှင့်အမေရိကန် နှစ်နိုင်ငံ အတွက် အကျိုးရှိသလို ကမ္ဘာတစ်ခုလုံး၏ ငြိမ်းချမ်းရေးနှင့် စည်ပင်ဝပျောရေး အတွက် အကျိုးရှိစေကြောင်း ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်စွာတိုးတက်စေရေး ၊ ကမ္ဘာ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့် အကျိုးဆောင်မှု ရှိကြောင်း၊ မျက်မှောက်ခေတ် စီးပွားရေးနှင့်နည်းပညာသည် ကမ္ဘာကြီးကို တစ်သားတည်းဖြစ်အောင် ဆက်စပ်နေရာ တရုတ်-အမေရိကန်၏ အကျိုးစီးပွားသည်လည်း ပို၍ ပေါင်းစည်းယှက်နွယ်လျက်ရှိပြီး ပူးပေါင်းဆောင်ရွက်ရာတွင် ကွဲလွဲမှုများ ရှိလာကြောင်း ၊ နှစ်နိုင်ငံအနေဖြင့်  ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုသည် အပြန်အလှန်အကျိုးဖြစ်ထွန်းစေရေးဆိုသည့် ပင်မရေစီးကြောင်းကို လက်ကိုင်ထားမည်၊ တစ်ဖက်နိုင်ငံ၏ဂုဏ်သိက္ခာ၊ အချုပ်အချာအာဏာ၊ အဓိကအကျိုးစီးပွားကို အစဉ်အမြဲလေးစားမည်ဆိုလျှင် ရှေ့ဆက်လမ်းခရီးတွင်ပေါ်ထွက်လာသည့် အခက်အခဲများကို ကျော်ဖြတ်နိုင်မည်ဖြစ်ပြီး သမိုင်းအခြေအနေသစ်တွင် တရုတ်-အမေရိကန် ကုန်သွယ်စီးပွားဆက်ဆံရေးကို ရှေ့ဆက်ဖွံ့ဖြိုးအောင် တွန်းအားပေးကာ နှစ်နိုင်ငံနှင့်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ဆောက်တည်နိုင်မည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့ကြောင်း သိရသည်။

ရှီက မိမိတို့အနေဖြင့် ယခုကာလများအတွင်း အမေရိကန်က ထိုင်ဝမ်၊ဟောင်ကောင်၊ ရှင်းကျန်း၊ တိဘတ်စသည့်ဒေသများကို ဝင်ရောက်စွက်ဖက်နေသည့် အနုတ်သဘောဆောင်ပြောဆိုဆောင်ရွက်မှုများကို အထူးအာရုံပြုဂရုမူလျက်ရှိကြောင်း ၊ ထိုလုပ်ဆောင်မှုများသည် တရုတ်နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်ပြီး တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေရာ နှစ်ဖက် အပြန်အလှန်ယုံကြည်စွာပူးပေါင်းဆောင်ရွက်မှုအတွက် အကျိုးယုတ်စေကြောင်း၊ အမေရိကန်အနေဖြင့် နှစ်နိုင်ငံအကြား အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးမှုများ၌ ရရှိထားသော အရေးကြီး သဘောတူညီမှုများကို သေချာစွာ အကောင်အထည်ဖော်စေလိုသလို တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးနှင့်ဆွေးနွေးမှုအစီအစဉ်များ အနှောက်အယှက်မဖြစ်စေရန် တရုတ်နိုင်ငံ၏ အထူးအာရုံပြုဂရုမူလျက်ရှိသော ကိစ္စများကို အလေးအနက်ထားစေလိုကြောင်း ပြောကြားခဲ့သည်။ 

ထရမ့်က အခွင့်အလမ်းရှိလျှင် ရှီနှင့်အတူ ဆက်သွယ်ဆွေးနွေးမှုများဆက်လက် ပြုလုပ်သွားရန် မျှော်လင့်ကြောင်း ၊ ကွဲလွဲမှုများကို သင့်တော်ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို အဆင်ပြေချောမွေ့စွာတိုးတက်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ရှီကလည်း  ထရမ့်နှင့်အတူ ဆက်လက်ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်သွားပြီး နှစ်ဖက်ဆက်ဆံရေးနှင့်နိုင်ငံတကာရေးရာကိစ္စရပ်များကို အမြင်သဘောထား ဖလှယ်သွားကာ ဆွေးနွေးညှိနှိုင်းခြင်း ၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ တည်ငြိမ်ခြင်းဟူသော တရုတ်-အမေရိကန် ဆက်ဆံရေးကို အတူတွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ကိုရီးယားကျွန်းဆွယ်အခြေအနေနှင့်စပ်လျဉ်း၍ တရုတ်-အမေရိကန် နှစ်နိုင်ငံ ခေါင်းဆောင်အကြား အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။ ရှီက  နိုင်ငံရေးနည်လမ်းဖြင့် ဖြေရှင်းသည့် ဦးတည်ချက်ကို စွဲမြဲစွာလက်ကိုင်ထားကာ ဘက်ပေါင်းစုံ ရည်ရွယ်ချက်တူလျှောက်လှမ်းရန် ဆွေးနွေးညှိနှိုင်းမှုဖြင့် အခြေအနေများ ပြေလျော့အောင် ဆောင်ရွက်ရန် အလေးအနက်ထားပြောကြားခဲ့ပြီး ၎င်းမှာ ဘက်ပေါင်းစုံ၏ ဘုံအကျိုးစီးပွားနှင့်ကိုက်ညီကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ (Xinhua)