Connect with us

Politics, Law & Military

ကမ္ဘာ့စီးပွားရေး ဇတ်ခုံပေါ်က တရုတ်နိုင်ငံ၏အခန်းကဏ္ဍ

ပထမအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲကြီးအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ)

နှစ်ကုန်ခါနီးအခါသမယတွင် တရုတ်နိုင်ငံမှ အားတက်စေမည့် မင်္ဂလာသတင်းစကားနှစ်ခုအား ကြား သိရသည်။ ပထမတစ်ခုက တရုတ်နိုင်ငံ၏ ၂၀၁၈ ခုနှစ် သွင်းကုန်ပမာဏသည် သမိုင်းစံချိန်သစ် အဖြစ် အမေရိကန်ဒေါ်လာ ၂ ထရီလီယံကိုကျော်လွန်သည်အထိ တိုးပွားလာနိုင်မည်ဟု တရုတ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ကြားသိရသည့်သတင်းဖြစ်သည်။ ဒုတိယတစ်ခုကတော့ ဒုတိယအကြိမ် ကျင်းပမည့် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲတွင် ပါဝင်ပြသမည့် ကုန်သည်စီးပွားလုပ်ငန်းရှင်များနှင့် သဘောတူ လက်မှတ်ရေးထိုးထားသည့် ပြပွဲဧရိယာမှာ စတုရန်း မီတာ ၁ သိန်းခန့်ရှိပြီဟူသော ယင်းပြပွဲဦးစီးဌာန ၏ သတင်းစကားတို့ပင်ဖြစ်သည်။

အမေရိကန်ဒေါ်လာ ၂ ထရီလီယံဆိုသည့် သွင်းကုန်ပမာဏမှာ ဘရာဇီးနိုင်ငံ သို့မဟုတ် အီတလီနိုင်ငံ ၏၂၀၁၇ ခုနှစ် တစ်နှစ်တာ စုစုပေါင်းပြည်တွင်းထုတ်ကုန်ပမာဏ(GDP)ခန့် ရှိပါသည်။ ပထမအကြိမ် သွင်းကုန်ပြပွဲ ကျင်းပပြီးမကြာမီ ဒုတိယအကြိမ် သွင်းကုန်ပြပွဲပါဝင်ရန်အတွက် သဘောတူလက်မှတ် ရေးထိုးထား သည့် ပြပွဲမြေနေရာမှာ စတုရန်းမီတာ ၁ သိန်းခန့်ရှိရာ အံသြမင်သက်ဖွယ်ပင်ဖြစ်ကြရ သည်။ ၎င်းမှာ တရုတ်နိုင်ငံက သွင်းကုန်ကုန်သွယ်ရေးကို တွန်းအားပေးဆောင်ရွက်နေသည့် သိသာ ထင်ရှားသည့် အောင်မြင်မှုရလဒ်ဖြစ်သလို တရုတ်နိုင်ငံက တံခါးဖွင့်စနစ်ကို တိုးချဲ့ဆောင်ရွက်ခြင်း အား နိုင်ငံတကာ အသိုက်အဝန်းက လက်ခံကြိုဆိုသည့်တုံ့ပြန်မှုတစ်ခုလည်း ဖြစ်သည်။

သွင်းကုန်ပစ္စည်းများကို တိုးချဲ့လက်ခံမည့် တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်နှင့်ဆောင်ရွက်ချက်သည် ၎င်း၏ပြုပြင်ပြောင်းလဲရေးတံခါးဖွင့်စနစ်ကို တစ်ဆင့်တိုးထဲထဲဝင်ဝင်လုပ်ဆောင်မည့် အရိပ်လက္ခဏာ အာဝါသများ ပေါ်လွင်ထင်ရှားလျက်ရှိသည်။

လာမည့်နှစ်တွင်လည်း တရုတ်နိုင်ငံက အခွန်လျော့ချမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုများ လွယ်ကူချောမွေ့စေရန် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ သွင်းကုန်ပစ္စည်းများကိုတိုးချဲ့လက်ခံရန် ကြိုးစားဆောင်ရွက်နေခြင်းသည် တရုတ်နိုင်ငံက လွတ်လပ်စွာကုန်သွယ်ရေးကို ထောက်ခံကြောင်း လက်တွေ့ဆောင်ရွက်ပြခြင်းဖြစ်သည်။ တရုတ်က ကမ္ဘာကို ဈေးကွက်တံခါးဖွင့်ပေးနေခြင်းသည် တံခါးဖွင့်ကမ္ဘာ့စီးပွားရေးစနစ်ကိုတည်ဆောက်ရန်နှင့် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံပါဝင်သည့် ကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်းရန် ယုံကြည်ချက်နှင့် အင်အားများထပ်လောင်းအားဖြည့်ပေးနေခြင်းပင်ဖြစ်သည်။

ကုန်သွယ်ရေးကိုယ်ကျိုးစီးပွားကာကွယ်မှုများ ခေါင်းထောင်နေသည့် မျက်မှောက်ခေတ်ကာလတွင် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအသိုက်အဝန်းတစ်ခုအနေဖြင့် တရုတ်နိုင်ငံ၏ သွင်းကုန်လက်ခံနိုင် သည့်အင်အား လူဦးရေသန်းပေါင်း ၁၄၀၀ရှိသော ဧရာမဈေးကွက်ကြီးသည် ကမ္ဘာကို အားတက်စေ သည်။ ရုရှားဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက် (Dmitry Medvedev)က ယခုနှစ်များတွင် တရုတ်နိုင်ငံ သည် ဧရာမစားသုံးသူဈေးကွက်တစ်ခုဖြစ်နေပြီဖြစ်ရာ မည်သည့်နိုင်ငံ၊ မည့်သည့်ကုမ္ပဏီလုပ်ငန်း အတွက်မဆို အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သွင်းကုန်ပစ္စည်းများ တိုးပွားလာမှုသည် နိုင်ငံတကာအသိုက်အဝန်းအတွက် လက်တွေ့ ကျသည့် အကျိုးအမြတ်များနှင့် အခွင့်အလမ်းများကို ဖော်ဆောင်ပေးရာရောက်သည်။ လာမည့် ၁၅ နှစ်တာ ကာလအတွင်း တရုတ်နိုင်ငံ သွင်းကုန်ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၃ ထရီလီယံ နှင့် အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော်အထိ အသီးသီးရှိမည် ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းချက်များအရ သိရသည်။

နိုင်ငံအချို့က လွတ်လပ်စွာကုန်သွယ်ရေးလမ်းကြောင်းကို ဆန့်ကျင်လျှောက်လှမ်းနေချိန်တွင် တရုတ်နိုင်ငံ၏ သွင်းကုန်လက်ခံသည့်နိုင်ငံကြီး လုပ်မည်ဟူသော အဆိုက ပို့ကုန်များကို အားထား နေသည့် ဈေးကွက်ထွန်းသစ်စနိုင်ငံများ ၊ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကျေးဇူးတင်စရာ အားတက်စရာ ဖြစ်သည်ဟု ဂျပန်နိုင်ငံ Asahi Shimbun သတင်းစာတွင် ဖော်ပြထားသည်။

သွင်းကုန် တိုးမြှင့်ခြင်းသည် တရုတ်နိုင်ငံ စီးပွားရေးတိုးတက်မှုတွင် စားသုံးသူ ဦးစားပေး (Consumption oriented)အသွင်သို့ ပြောင်းလဲလာသည်ကို ဖော်ပြသလို တရုတ်နိုင်ငံ၏ စီပွားရေး သည် တည်ငြိမ်ခိုင်မာစွာ တိုးတက်ဖွံ့ဖြိုးတိုးတက်နေခြင်းကို ပြသခြင်းလည်းဖြစ်သည်။ ယခုနှစ် တရုတ်နိုင်ငံ စီးပွားရေးသည် ၆.၅ ရာခိုင်နှုန်းတိုးတက်ရန်မှာ သံသယဖြစ်ဖွယ်မရှိဟု တရုတ်နိုင်ငံ အမျိုးသား စာရင်းစစ်ဗျူရို၏ပြောရေးဆိုခွင့်ရှိသူ Mao Shengyongက ဆိုသည်။ ကမ္ဘာ့စီးပွားရေးအကျိုးသက်ရောက်မှုတွင် တရုတ်နိုင်ငံသည် ၃၀ ရာခိုင်နှုန်းခန့်ပါဝင်ဆဲဖြစ်သည်ဟု ကမ္ဘာ့ဘဏ် တရုတ်နိုင်ငံ ရုံးခွဲ အကြီးအကဲ He Fumanကဆိုသလို အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF)၏ ဦးဆောင်ညွှန်ကြားရေးမှူး Christine Lagarde က လည်း ကမ္ဘာ့ကုန်သွယ်ရေး တွင် တရုတ်နိုင်ငံသည် တစ်နေ့ထက်တစ်နေ့ အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လာပြီဖြစ်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံ၏သွင်းကုန်ပစ္စည်းများတိုးချဲ့ခြင်းနှင့် သိသာထင်ရှားသည့် အောင်မြင်ခြင်းများသည် လက်ရှိ ကမ္ဘာ့စီးပွားရေးတွင် ကိုယ်ကျိုးစီးပွားကာကွယ်မှုများ ဆန့်ကျင်ရာ၌ ပေါ်လွင်ထင်ရှားလျက်ရှိပေ သည်။ တရုတ်နိုင်ငံက ခိုင်မာသည့် ဆုံးဖြတ်ချက်၊ ဆောင်ရွက်ချက်များဖြင့် ပွင့်လင်းသော ၊လက်တွဲမှု ရှိသော ၊ အားလုံးပါဝင်နိုင်သော တိုးတက်ဖွံ့ဖြိုးသည့် ကမ္ဘာ့စီးပွားရေးဖြစ်လာစေရန် အတွက် တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်သလို ကမ္ဘာ့နိုင်ငံများအကြားပူးပေါင်းဆောင်ရွက်မှုဖြင့် အကျိုးတူဖြစ်ထွန်းစေရန်အတွက်လည်း တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.