Connect with us

Politics, Law & Military

တရုတ်နိုင်ငံကအမေရိကန်နိုင်ငံ၏ နှောင့်ယှက်မှုများရှိနေသော်လည်းတောင်တရုတ်ပင်လယ် ငြိမ်းချမ်းရေးကိုထိန်းသိမ်းသွားမည်

တရုတ်နိုင်ငံအလံ (ယာ) နှင့် အမေရိကန်နိုင်ငံအလံများအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်နိုင်ငံက မတည်မငြိမ်ဖြစ်စေရန် ကြိုးပမ်းအားထုတ်လျက်ရှိနေသော်လည်း တရုတ်နိုင်ငံသည် နိုင်ငံ၏ ကိုယ်ပိုင်အချုပ်အခြာအာဏာနှင့် လုံခြုံရေးကိုကာကွယ်ရန်၊ ငြိမ်းချမ်းရေးနှင့် ယင်းဒေသအတွင်း တည်ငြိမ်ရေးကိုထိန်းသိမ်းရန် ပိုမိုဆုံးဖြတ်ထားကြောင်းတရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကဇူလိုင် ၃၀ ရက်တွင် ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူRenGuoqiang က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ အမေရိကန်နိုင်ငံမှ လေ့ကျင့်မှုများနှင့် အခြားသောလှုပ်ရှားမှုများဆောင်ရွက်ရန် တောင်တရုတ်ပင်လယ်သို့ လေယာဉ်တင်သင်္ဘောနှစ်စင်းပို့လိုက်ခြင်းအပေါ် မှတ်ချက်ပြုပြောကြားရာတွင် အမေရိကန်၏ ဆောင်ရွက်ချက်များမှာ လွှမ်းမိုးလိုမှုစိတ်ဓာတ်နှင့် စံနှုန်းနှစ်မျိုးထားခြင်းဆောင်ရွက်ချက်များကို အပြည့်အဝဖော်ထုတ်ပြသလိုက်ခြင်းဖြစ်ကြောင်းပြောခဲ့သည်။ 

အမေရိကန်နိုင်ငံသည် ၎င်းကိုယ်တိုင်အား တောင်တရုတ်ပင်လယ်အရေး၏ “ခုံသမာဓိ” အဖြစ် ပုံဖော်နေသော်လည်း အမှန်တကယ်တွင်မူဒေသတွင်းငြိမ်းချမ်းရေးကိုနှောင့်ယှက်သူ၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကိုဖျက်ဆီးသူနှင့် နိုင်ငံတကာတင်းမာမှုကို သွေးထိုးလှုံ့ဆော်သူ ဖြစ်နေကြောင်းRen က ဆိုသည်။ 

တရုတ်နိုင်ငံတွင် တောင်တရုတ်ပင်လယ်ရှိ ကျွန်းများနှင့် ကပ်လျက်ရှိသောရေပြင်အတွက် ပြည့်စုံလုံလောက်သောသမိုင်းကြောင်းနှင့် ဥပဒေသိပ္ပံဆိုင်ရာ အထောက်အထားအပေါ် အခြေခံထားသည့် ငြင်းဆို၍မရသောအချုပ်အခြာအာဏာပိုင်ဆိုင်မှုရှိပါကြောင်းRen က ပြောခဲ့သည်။ 

တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများတို့၏ စုပေါင်းအားထုတ်မှုများဖြင့် တောင်တရုတ်ပင်လယ်ရှိ အခြေအနေမှာ ဖြည်းဖြည်းချင်းတည်ငြိမ်လျက်ရှိကာ ဆက်စပ်သော ဆွေးနွေးညှိနှိုင်းမှုများမှာလည်း အပြုသဘောဆောင်သည့် တိုးတက်မှုများရှိကြောင်းလည်း ၎င်းကမှတ်ချက်ပြုခဲ့သည်။ 

ထို့ပြင် Ren က အမေရိကန်အနေဖြင့် မှားယွင်းသောမှတ်ချက်များပေးခြင်းကို ရပ်တန့်ရန်၊ တောင်တရုတ်ပင်လယ်တွင် စစ်ရေးလှုပ်ရှားမှုများတမင်တကာပြုလုပ်ခြင်းများရပ်တန့်ရန်နှင့် ဒေသတွင်းရှိနိုင်ငံများအကြားသဘောထားကွဲလွဲစေရန် သွေးထိုးပေးခြင်းကိုရပ်တန့်ရန် တိုက်တွန်းခဲ့သည်။  (Xinhua)