Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်အား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် နှင့် ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းက ချိန်းဆိုထားသည့်အတိုင်း ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆွေးနွေးရာတွင် သမ္မတရှီက တရုတ်နိုင်ငံ၌ COVID-19 ရောဂါ တိုက်ဖျက်နေသည့် အရေးကြီး အချိန်အခါတွင် ယခုကဲ့သို့ နောက်ထပ် ဖုန်းဖြင့်ဆက်သွယ်၍ နှစ်သိမ့်အားပေး ထောက်ခံခြင်းသည် တရုတ်-ပြင်သစ် နှစ်နိုင်ငံ၏နက်ရှိုင်းသည့် ချစ်ကြည်ရေးနှင့် အဆင့်မြင့် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပေါ်လွင်ထင်ရှားစေကြောင်း ၊ အဆွေတော်၏ တရုတ်နိုင်ငံနှင့် တရုတ်-ပြင်သစ် နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် အလေးထားမှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ 

ရောဂါ ကပ်ဘေးဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံသည် ဘက်စုံလူအင်အားဖြင့် ထောင့်စေ့စီမံမှုများ ပြုလုပ်ကာ ရောဂါကာကွယ် ထိန်းချုပ်ရေး ပြည်သူ့စစ်ကို တစ်နိုင်ငံလုံး စည်းလုံးညီညွတ်စွာ တစ်စိတ်တစ်ဝမ်းတည်း တိုက်ပွဲဝင်ဆင်နွှဲလျက်ရှိကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် လူအင်အားစုစည်းနိုင်မှုနှင့်ဘက်စုံစွမ်းရည်ရှိခြင်း၊ ပြည်သူ့ ကျန်းမာရေး အခက်အခဲကို ဖြေရှင်းသည့် အတွေ့အကြုံရှိခြင်းကြောင့် ယခု ကပ်ဘေးရောဂါကို မလွဲမသွေ တိုက်ဖျက်နိုင်မည်ဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

လက်ရှိတွင် ရောဂါကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်မှုများသည် ပေါင်းလက္ခဏာဆောင်သည့် အကျိုးသက်ရောက်မှုများ ရရှိနေပြီ ဖြစ်ကြောင်း ၊ ၎င်းဆောင်ရွက်မှုများကို အခြေခံထားရာတွင် ကုမ္ပဏီလုပ်ငန်းများ ပြန်လည်လည်ပတ် ထုတ်လုပ်ရေးကိုလည်း ထောက်ခံ တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ စီးပွားရေးအပေါ် ကပ်ရောဂါ၏ သက်ရောက်မှုက ခေတ္တယာယီသာဖြစ်ကြောင်း ၊ ယခုနှစ်တွင် သတ်မှတ်ထားသည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို ကြိုးစားအကောင်အထည် ဖော်နိုင်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

သမ္မတရှီက အရေးကြုံလျှင် မိတ်ဆွေသူငယ်ချင်း၏ သဘောထားမှန်ကို သိရှိရကြောင်း ၊ တရုတ်နိုင်ငံသည် တရုတ်နိုင်ငံပြည်သူများ၏အသက်အိုးအိမ်လုံခြုံရေးနှင့်ကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းရုံသာမက ကမ္ဘာ့ပြည်သူ ကျန်းမာရေးလုံခြုံမှုကိုလည်း အထူး တာဝန်ယူမှုရှိကြောင်း ၊ တရုတ် နိုင်ငံ ပြည်သူများ၏အင်အားကို အဓိကအားထား၍ ရောဂါတိုက်ဖျက်ရေးများကို ဆောင်ရွက်ရာတွင် နိုင်ငံတကာအသိုက်အဝန်းက အကူအညီများပေးသည့်အတွက်လည်း ကျေးဇူးတင်ရှိကြောင်း  ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အမြဲ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ပြင်သစ်နိုင်ငံအပါအဝင် နိုင်ငံသီးသီးနှင့်ပူးပေါင်းဆောင်ရွက်သွားကာ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ပြင်သစ်နိုင်ငံနှင့်အတူ ကျန်းမာရေးကဏ္ဍ လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ကာ  ဒေသနှင့် ကမ္ဘာ့ပြည်သူကျန်းမာရေးလုံခြုံမှုအတွက် အတူ ကာကွယ်စောင့်ရှောက်သွားလိုကြောင်း ပြောကြားခဲ့သည်။ 

ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်ကလည်း တရုတ်နိုင်ငံအစိုးရနှင့်ပြည်သူများ စည်းလုံးညီညွတ်စွာ တစ်စိတ်တစ်ဝမ်းတည်း ရောဂါတိုက်ဖျက်ရေးများ ဆောက်ရွက်နေသည်ကို ထောက်ခံအားပေးကြောင်း ၊ တရုတ်နိုင်ငံက ထိရောက်သည့်နည်းလမ်းများကို အချိန်မီ ဆောင်ရွက်ခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိခြင်းကို လေးစားချီးကျူးကြောင်း ပြောကြားခဲ့သည်။ 

ဆေးကုသသုံးအထောက်အပံ့ပစ္စည်းများကို တရုတ်နိုင်ငံသို့ ပေးပို့ပြီးဖြစ်ရာ ဆက်လက်၍လည်း ကူညီဆောင်ရွက်သွားလိုကြောင်း ၊ ပြင်သစ်နိုင်ငံအနေဖြင့် WHO၏ရောဂါအခြေအနေ ဖြေရှင်းရေး ကျွမ်းကျင်သည့် အကြုံပြုချက်များကို လေးစားမည်ဖြစ်ပြီး ရောဂါနှင့်စပ်လျဉ်း၍ တုန့်ပြန်ဆောင်ရွက်မှုများကို မှန်ကန်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ လက်ရှိ ဝူဟန့်ရှိ ပြင်သစ်ကောင်စစ်ဝင်ရုံးမှာ ပုံမှန်လည်ပတ်နေဆဲဖြစ်ကြောင်း ၊ ပြင်သစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ကပ်ရောဂါကို တိုက်ဖျက်သွားလိုပြီး ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတ မက်ခရွန်က  ပြောကြားခဲ့သည်။ (Xinhua)