Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ နှင့် ရုရှား နိုင်ငံ သမ္မတ G20 ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး ကျင်းပစဉ် အတွင်း သီးသန့် တွေ့ဆုံဆွေးနွေး

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှား နိုင်ငံ သမ္မတ ပူတင် တို့ ဒီဇင်ဘာ ၃၀ ရက် ၌ ဗျူနိုအေးရိစ် မြို့တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

ဗျူနိုအေးရိစ် ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှား နိုင်ငံ သမ္မတ ပူတင် တို့က G20 ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး ကျင်းပစဉ် အတွင်း ဒီဇင်ဘာ ၃၀ ရက် ၌ ဗျူနိုအေးရိစ် မြို့တွင် သီးသန့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာခြင်း သည် ခေတ်ကာလ အခြေအနေ နှင့် ကိုက်ညီမှု ရှိပြီး နှစ်နိုင်ငံ ပြည်သူလူထု တို့၏ အတူတကွ မျှော်လင့်မှု ဖြစ်သောကြောင့် အားအင်ပြည့်ဝပြီး အနာဂတ် အလားအလာ လွန်စွာ ကျယ်ပြန့်ကြောင်း ၊ ယခုနှစ်အတွင်း တရုတ်-ရုရှား နှစ်နိုင်ငံ အတူတကွ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ကဏ္ဍအသီးသီး တွင် အောင်မြင်မှုအသစ်များစွာ ရရှိနိုင်ခဲ့ကြောင်း ၊ လာမည့်နှစ်သည်လည်း တရုတ်-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၇၀ ပြည့်နှစ် ဖြစ်သောကြောင့် အထိမ်းအမှတ် အခမ်းအနား များကို စည်ကားစွာ ကျင်းပ သွားမည်ဖြစ်ပြီး ကဏ္ဍအသီးသီး လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု များကို တွန်းအားပေးဆောင်ရွက်ကာ အောင်မြင်မှု များစွာ ထပ်မံ ရရှိအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံ သမ္မတ က တရုတ်-ရုရှား နှစ်နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှု အား တိုးမြှင့်ဆောင်ရွက်သွားပြီး ဥရောပ-အာရှ စီးပွားရေး မဟာမိတ် နှင့် ချိတ်ဆက်ကာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ကုန်သွယ်ရေး လွတ်လပ်မှု ၊ လွယ်ကူမှု ရရှိအောင် ထောက်ခံအားပေး သွားပြီး ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ နှင့် တဖက်သက် မူဝါဒ တို့ကို ဆန့်ကျင်သွားရမည် ဖြစ်ကြောင်း အထူး ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ သမ္မတ ပူတင် က ရုရှား-တရုတ် နှစ်နိုင်ငံ အဆင့်မြင့် အရာရှိ အကြား အနီးကပ် ဆက်ဆံမှု ထားရှိခြင်း သည် လွန်းစွာ အရေးပါကြောင်း ၊ လက်ရှိချိန်တွင် ရုရှား-တရုတ် ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု တွင် ထင်ရှားသည့် အောင်မြင်မှုများ ရရှိထားပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး မှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့ကြောင်း ၊ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု မှာလည်း တည်ငြိမ်စွာ ရှေ့ဆက်ဆောင်ရွက်နေပြီး စီမံကိန်းကြီးများ အကောင်အထည် ဖော်ရာတွင် အဆင်မြေ ချောမွေ့ခဲ့ကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ကဏ္ဍအသီးသီး လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု အား ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်သွားပြီး ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် လုံခြုံရေး အတွက် အနီးကပ် ညှိနှိုင်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။(Xinhua)