Connect with us

ASEAN

ကမ္ဘောဒီးယားနိုင်ငံ၌ သုံးရက်ဆက်တိုက် COVID-19 လူနာသစ် မတွေ့ရှိ ၊ သက်သာပျောက်ကင်းသည့် လူနာ အရေအတွက် ၅၃ ဦးထိရှိလာ 

- ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့ရှိ လမ်းများပေါ်တွင် နှာခေါင်းစည်း တပ်ဆင်သွားလာနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယား နိုင်ငံ၌ ပြီးခဲ့သော သုံးရက်ဆက်တိုက် COVID-19 ရောဂါ ကူးစက်ခံရသူ လူနာသစ် မတွေ့ရှိရကြောင်း ၊ လူနာသုံးဦး ပြန်လည်သက်သာလာခြင်းနှင့်အတူ နိုင်ငံအတွင်း သက်သာပျောက်ကင်းသွားသည့် လူနာအရေအတွက်မှာ ၅၃ ဦးထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့  ဧပြီ ၆ ရက် ထုတ်ပြန်မှုအရ သိရသည်။ 

ယခုသက်သာပျောက်ကင်းသွားသူ လူနာသုံးဦးမှာ အသက် ၂၆ နှစ် ၊ ၃၉ နှစ် နှင့် ၄၀ နှစ် အရွယ် အသီးသီးရှိကြသည့် မလေးရှားနိုင်ငံသား အစ္စလာမ် တရားဟောဆရာများ ဖြစ်ကြောင်း ၊ ၎င်းတို့သည် Kampong Cham ပြည်နယ်ဆေးရုံ၌ ဆေးကုသမှု ခံယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အဆိုပါ သက်သာပျောက်ကင်းသွားသူ သုံးဦးသည် ဖေဖော်ဝါရီလကုန်ပိုင်းက မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့၌ ပြုလုပ်သည့် အစ္စလာမ်ဘာသာရေးဆိုင်ရာ စုပေါင်းဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်ခဲ့ကြသူများဖြစ်ကြောင်း ၊ ယင်းနောက် ကမ္ဘောဒီးယား နိုင်ငံ သို့လာရောက်၍ Kampong Cham ပြည်နယ် အရှေ့တောင်ဘက် Kang Meas ခရိုင်၌ ပြုလုပ်သည့် ဘာသာရေး ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။ 

ကမ္ဘောဒီးယား နိုင်ငံ၌ COVID-19 ရောဂါပိုး တွေ့ရှိသူ လူနာ ၁၁၄ ဦးအနက် ယနေ့ထိ ၅၃ ဦး(ရာခိုင်နှုန်းအားဖြင့် ၄၆ ဒသမ ၄၉ ရာခိုင်နှုန်း)မှာ ပြန်လည် သက်သာလာခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အတူ ကျန်ရှိသော လူနာ ၆၁ ဦးမှာ သတ်မှတ်ထားသော ဆေးရုံများ၌ ကုသမှုများ ခံယူလျက် ရှိကြောင်း သိရသည်။( Xinhua)