Connect with us

MYANMAR

ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်တွင် ပြည်သူများ ပူးပေါင်းပါဝင် လိုက်နာရန် လွန်စွာအရေးကြီးဟု ကျန်းမာရေးဝန်ကြီး ပြောကြား

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် နှာခေါင်းစည်း ၊ အကာအကွယ်များ တပ်ဆင်သွားလာစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ)ရေးသားသူ/ဟေမာန်

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်ပြီး ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်မှသာ စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများကို ပုံမှန်အနေအထားအတိုင်း အမြန်ဆုံး ပြန်လည် လုပ်ကိုင်လာနိုင်မည်ဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်၌ အထူးပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြရန် လွန်စွာအရေးကြီးကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ဆိုင်ရာ တွေ့ရှိချက်အသစ်များ ၊ ရောဂါပျံ့နှံ့ကူးစက်မှု ပုံစံများ အပါဝင် ပြောင်းလဲလာသော အခြေအနေအရပ်ရပ်နှင့်အညီ ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းဗျူဟာများကို မွမ်းမံပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ၊ လူထုလှုပ်ရှားမှုစီမံချက်အား ပီပြင်စွာအကောင်အထည်ဖော်နိုင်ခြင်းမရှိပါက လွန်စွာထိန်းချုပ်ရ ခက်ခဲသော ရောဂါပြန့်ပွားကူးစက်မှုများ ဖြစ်လာနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိုဝင်ဘာ ၂၃ ရက်တွင် ပြုလုပ်သည့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် ဆောင်ရွက်မှုအခြေအနေများ သုံးသပ်ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုလူထုလှုပ်ရှားမှုစီမံချက်ဆောင်ရွက်မှု ကနဦးကာလတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အစွမ်းကုန်အားစိုက်ပြီး ရနိုင်သော အရင်းအမြစ်များကို ထိရောက်စွာ အသုံးချကာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ လူစုလူဝေးပြုလုပ်ခြင်း၊ mask မတပ်ခြင်း စသည့် COVID-19 ကာကွယ်ရေး စည်းကမ်းမလိုက်နာသူများအား ခေါ်ယူ၍ လက်ကိုင်အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပေးသည့် လုပ်ငန်းများတွင် လုပ်အားပေးပါဝင် လုပ်ဆောင်စေမည် ဆိုပါက ပိုမိုထိရောက်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်သည် ပြည်သူ တစ်ဦးချင်းစီက ကိုယ်တိုင်အသိရှိစွာဖြင့် စည်းကမ်းလိုက်နာကျင့်သုံးလာစေရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သဖြင့် အချိန်ကာလအတိုင်းအတာ တစ်ခုအထိဆောင်ရွက်သွားရမည်ဖြစ်ပြီး အနည်းဆုံး (၂) လမှ (၃) လအကြာခန့် အထိ ဆက်တိုက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကမ္ဘာတွင် COVID-19 အတွက် ထိရောက်သော ကာကွယ်ဆေးပေါ်ပေါက်လာသည့်တိုင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လူအားလုံးကို ချက်ချင်း ထိုးနှံပေးနိုင်ခြင်းမရှိနိုင်သကဲ့သို့ မိမိတို့ နိုင်ငံတွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ထိုးနှံရန်မှာ ကာကွယ်ဆေးရရှိမှုပမာဏ အပေါ်မူတည်၍ အချိန်ကြာမြင့်နိုင်မည်ဖြစ်ခြင်း၊ ရောဂါပိုး၏ မျိုးဗီဇပြောင်းလဲလာနိုင်ခြင်း၊ ရောဂါလက္ခဏာမပြဘဲ ရောဂါရှိနေနိုင်ခြင်း၊ အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် လျင်မြန်စွာကူးစက်သည့်ရောဂါဖြစ်ခြင်း စသည့်အချက်များကြောင့် ပြည်သူများ အနေဖြင့် ယခုကျင့်သုံးလျက်ရှိသည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများကို မဖြစ်မနေ ဆက်လက်လိုက်နာ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)