Connect with us

MYANMAR

COVID-19 ရောဂါ ကာလအတွင်း Call Center 2019 သို့ စုစုပေါင်းခေါ်ဆိုမှု၏ ၄၃ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသမှဖြစ်

ရန်ကုန်မြို့၌ ဈေးရောင်းချနေသူတစ်ဦး မိုဘိုင်းလ်ဖုန်းဖြင့် စကားပြောနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) 

ပြည်သူများသိရှိလိုသည့် အချက်များကို ဖြေကြားနိုင်ရန်အတွက် ဧပြီ၉ ရက်မှစ၍ ဆေးသုတေသနဦးစီးဌာန၌ (၂၄)နာရီ Call Center 2019 ကို ဖွင့်လှစ်ထားခဲ့ရာ COVID-19 ရောဂါ ကာလအတွင်း စုစုပေါင်းခေါ်ဆိုမှု၏ ၄၃ ရာခိုင်နှုန်းသည် ကျေးလက်ဒေသ များမှဖြစ်ပြီး နာဂဒေသကဲ့သို့ ဝေးလံခေါင်ဖျားအရပ်များမှ ခေါ်ဆိုမှုများလည်း ပါဝင်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။ 

COVID-19 ပထမလှိုင်းတွင် ဖုန်းခေါ်ဆိုမှုအများဆုံးဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ ဖြစ်ကြောင်း ၊ ယခု ဒုတိယလှိုင်းတွင် ဖုန်းခေါ်ဆိုမှု အများဆုံးဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ ဖြစ်ကြောင်း သိရသည်။ 

ထို့အတူ ဧပြီလတွင် တစ်ရက်လျှင် (၅၅၀)ကြိမ် ၊ မေလတွင် (၂၅ဝ)ကြိမ် ၊ ဇွန်လနှင့် ဇူလိုင်လတွင် ၅၀ မှ ၁၀၀ ကြိမ်ခန့် ထိ ရှိခဲ့ကြောင်း ၊ စက်မှအလိုအလျောက် ဖြေကြားမှုအနေဖြင့် ဧပြီနှင့် မေလတွင် တစ်ရက်လျှင် ပျမ်းမျှအကြိမ် တစ်သိန်းခွဲမှ နှစ်သိန်း ၊ ဇွန်လနှင့် ဇူလိုင်လတွင် ၃ သောင်းမှ ၆ သောင်းခန့်ရှိပြီး စက်တင်ဘာလတွင် တစ်ရက်လျှင် အကြိမ် ၂ သိန်းကျော် ဖြေကြားလျက်ရှိကြောင်း သိရသည်။ 

ဆေးသုတေသနဦးစီးဌာန၌ (၂၄)နာရီ Call Center 2019 ကို ဖွင့်လှစ်ထားခဲ့ပြီး ပြည်သူများ၏ မေးမြန်းချက်များကို ဖြေဆိုရန်အတွက် ဆန္ဒ အလျောက် တာဝန်ယူဆောင်ရွက်ရန် ဝန်ထမ်းဆရာဝန် (၄၅)ဦးနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဆရာဝန် (၁၅)ဦးက တာဝန်ယူထားပြီး နေ့စဉ် နံနက် (၈:၀၀)နာရီမှ ည (၈:၀၀)နာရီအထိ ဖြေကြားခဲ့သည့်အပြင် (၂၄)နာရီပတ်လုံး စက်မှအလို အလျောက် ဖြေကြားလျက်ရှိရာ၊ စက်တင်ဘာလမှစ၍ ရခိုင်ဘာသာနှင့် မေးမြန်း ခြင်းကို ဖြေဆိုနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

ထို့ပြင် COVID-19 ရောဂါနှင့်ပတ်သက်၍ သိကောင်းစရာ အမေးအဖြေ အစီအစဉ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်ရေးအဖွဲ့ ပါဝင်၍ ပြည်သူများ သိရှိလိုသည်များကို ဖြေကြားပေးမည့် အစီအစဉ်ကိုလည်း အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင် ထုတ်လွှင့်ပြသမည်ဖြစ်သဖြင့် ပြည်သူ များမှ မိမိတို့သိရှိလိုသည်များကို မေးမြန်နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။ (Xinhua)