Connect with us

WORLD

နယူးယောက် ရဲတပ်ဖွဲ့ဝင်များ တာဝန်ချိန်တွင် နှာခေါင်းစည်း မတပ်ဆင်ပါက စည်းကမ်းမလိုက်နာမှုဖြင့် အရေးယူခံရမည်

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်များအား ဇွန်လ နှင့် ဩဂုတ်လအတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် တာဝန်ချိန်အတွင်း နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသော ရဲတပ်ဖွဲ့ဝင်များသည် “စည်းကမ်းချိုးဖောက်မှု” ဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးကြေညာချက်တစ်ခုကို မြို့တော်ရှိ ရဲတပ်ဖွဲ့ဝင်အားလုံးသို့ ညွှန်ကြားချက် ပေးပို့ထားကြောင်း နယူးယောက်မြို့တော်ရဲဌာန(NYPD) က အောက်တိုဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းအသိပေးကြေညာချက်တွင် မြို့တော်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်အားလုံးအနေဖြင့် “ သူတို့(ရဲ)တွေဟာ အများပြည်သူသွားလာတဲ့နေရာတွေမှာဖြစ်စေ ၊ ဌာနအတွင်းမှာဖြစ်စေ တာဝန်ထမ်းဆောင်နေစဉ်ကာလပတ်လုံး နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်ထားဖို့ လိုအပ်ပါတယ်၊ သို့သော်လည်းပဲ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့တော့ မဖြစ်နိုင်ပါဘူး” ဟု ဖော်ပြထားသည်။

“ အခုနောက်ဆုံးထုတ်ပြန်လိုက်တဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်မယ် ဒါမှမဟုတ် အခြားသင့်လျော်တဲ့ စည်းမျဉ်း ကြေညာချက်တွေကို လိုက်နာဖို့ ပျက်ကွက်မယ်ဆိုရင် စည်းကမ်းချိုးဖောက်မှုနဲ့ အရေးယူခံရမှာပါ  ” ဟု ဖော်ပြထားပြီး ကြီးကြပ်သူအရာရှိများအနေဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ ပြုမူနေထိုင်ပုံကို စောင့်ကြည့်စစ်ဆေးရမည်ဖြစ်ကြောင်း နှင့် အစာစားချိန် နှင့် ရေသောက်ချိန်များတွင်သာ အဆိုပါ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် နှာခေါင်းစည်းကို ချွတ်ခွင့်ရမည်ဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။ 

အဆိုပါ အသိပေးလမ်းညွှန်ချက်ကို ပြည်နယ် ရဲတပ်ဖွဲ့မှူးကြီး Dermot Shea မှ ထုတ်ပြန်ခဲ့ခြင်းမဟုတ်ဘဲ နယူးယောက် ပြည်နယ်ရဲဌာန(NYPD)၏ ဝန်ထမ်းရေးရာ နှင့် လူ့အရင်းအမြစ်ဌာနမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နှာခေါင်းစည်း တပ်ဆင်ရန်အတွက် နယူးယောက်မြို့ရှိ ပြည်သူများ ၊ ဥပဒေပြုအမတ်များ နှင့် လအတန်ကြာ နိုင်ငံရေး ကစားကွက်တစ်ခုအဖြစ် ပြုမူနေကြသည့် မြို့တော်အရာရှိများထံမှ ဖိအားများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပြီးနောက်တွင်ယခုကဲ့သို့ ရဲတပ်ဖွဲ့ဝင်များ နှာခေါင်းစည်းတပ်ဆင်ရန် ညွှန်ကြားချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ အသိပေးညွှန်ကြားချက်မထုတ်ပြန်မှီ ပြည်နယ်အောက်လွှတ်တော်အမတ် Brad Hoylman နှင့် မြို့တော်ဝန် Andrew Cuomo တို့က နှာခေါင်းစည်းတပ်ဆင်ရန် အမိန့်ထုတ်ပြန်မှုအပေါ် ရဲတပ်ဖွဲ့ဝင်များအတွက် ဆိုးရွားသောနမူနာတစ်ခုအဖြစ်ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ သွားလာ နေထိုင်ရန် မဖြစ်နိုင်သည့်အချိန်တွင်  နှာခေါင်းစည်းတပ်ဆင်ထားကြရန် နယူးယောက်မြို့တော်ဝန်၏ အမိန့်ထုတ်ပြန်မှုအား လိုက်နာခြင်းမရှိသည့်အပေါ် နယူးယောက်မြို့ရှိပြည်သူများက လအတန်ကြာ စောဒကတက်ခဲ့ကြသည်။

မကြာသေးခင်က ဖြစ်ပွားခဲ့သော နယူးယောက်မြို့ရှိဆန္ဒပြပွဲများ နှင့် အခြားသော အခမ်းအနားများတွင် ရဲတပ်ဖွဲ့ဝင်များသည် နယူးယောက်မြို့ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာခြင်းမရှိခဲ့ကြောင်း နှင့် ယခုညွှန်ကြားချက်ထုတ်ပြန်သည့် နယူးယောက်ရဲတပ်ဖွဲ့ဝင်များ နှာခေါင်းစည်းတပ်ဆင်ရေးအစီအစဉ်တွင် သိပ္ပံဆိုင်ရာအချက်အလက် နှင့် ပုံရိပ်ဖတ်နည်းပညာတစ်ခုကို အသုံးပြု၍ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသော ရဲအရာရှိများကို ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်း အောက်တိုဘာ ၄ ရက် မွန်းလွဲပိုင်းအချိန်ထိ ကိုနာရိုဗိုင်းရပ်စ်ဖြင့်သေဆုံးသူပေါင်း ၂၁၀,၀၀၀ ခန့်ရှိကြောင်း နှင့် နယူးယောက်မြို့သည် နိုင်ငံအတွင်း ကပ်ရောဂါရိုက်ခတ်မှု ဒဏ်ကို အဆိုးရွားဆုံးခံစားနေရကြောင်း သိရသည်။(Xinhua)