Connect with us

WORLD

အိန္ဒိယနိုင်ငံအာသံပြည်နယ်၌ရေကြီးမှုကြောင့်သေဆုံးသူအရေအတွက်၁၀၂ဦးထိမြင့်တက် ၊ လူပေါင်း၅.၆သန်းကျော်ရေဘေးသင့်လျက်ရှိ

အိန္ဒိယနိုင်ငံအရှေ့ပိုင်းဗီဟာပြည်နယ်Darbhangaခရိုင်ရှိရေကြီးရေလျှံမှုများဖြစ်ပေါ်သည့်ကျေးရွာများအားဇူလိုင်၂၆ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ဇူလိုင်၂၈ရက် (ဆင်ဟွာ) 

အိန္ဒိယနိုင်ငံ၌ COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်းနိုင်ငံအရှေ့မြောက်ပိုင်းအာသံပြည်နယ်၌ရေကြီးမှုကြောင့်ယခုအချိန်ထိလူပေါင်း၁၀၂ဦးသေဆုံးခဲ့ပြီးလူဦးရေ၅ဒသမ၆သန်းကျော် ဆိုးဆိုးရွားရွားရေဘေးသင့်လျက်ရှိကြောင်းတာဝန်ရှိသူတစ်ဦးကဇူလိုင်၂၇ရက်တွင်ပြောကြားခဲ့သည်။

အာသံပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့(ASDMA)၏ပြောကြားချက်အရပြီးခဲ့သော၂၄နာရီအတွင်းခရိုင်၂၃ခုတွင်လူဦးရေ၂ဒသမ၄သန်းရေဘေးဒဏ်ခံခဲ့ရပြီးငါးဦးအသက်ဆုံးရှုံးခဲ့ကြောင်းဆိုသည်။

“ကျွန်မတို့ရရှိထားတဲ့ကိန်းဂဏန်းတွေတဖြည်းဖြည်းတိုးလာတဲ့အတွက်ကြောင့်ပြည်နယ်မှာရေကြီးတဲ့အခြေအနေကလျော့နည်းသွားခြင်းမရှိသေးပါဘူး။ ရေကြီးတဲ့ဒဏ်ခံနေရတဲ့ခရိုင်၃၀ရှိပြီးတော့လူဦးရေ၅,၆၇၁,၀၁၈ဦးရေဘေးဒဏ်ခံနေရပါတယ်။”ဟု ASDMA မှစီမံကိန်းမန်နေဂျာMandiraကပြောကြားခဲ့သည်။ “ဒီကာလအတွင်းမှာရေကြီးမှုတွေကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့သူပေါင်း၁၀၂ဦးရှိပါတယ်။”ဟု၎င်းကဖြည့်စွက် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံအရှေ့ပိုင်းဗီဟာပြည်နယ်Darbhangaခရိုင်ရှိရေကြီးရေလျှံမှုများဖြစ်ပေါ်သည့်ကျေးရွာများအားဇူလိုင်၂၆ရက်ကတွေ့ရစဉ်(ဆင်ဟွာ) 

 အိန္ဒိယနိုင်ငံအရှေ့ပိုင်းဗီဟာပြည်နယ်Muzaffarpurခရိုင်၌ရေကြီးရေလျှံမှုကြောင့်ယာယီလှေဖြင့်ပြောင်းရွှေ့နေမှုတစ်ခုအားဇူလိုင်၂၆ရက်ကတွေ့ရစဉ်(ဆင်ဟွာ) 

ပြည်နယ်အတွင်းရေကြီးမှုသည်မေ၂၂ရက်တွင်စတင်ဖြစ်ပွားခဲ့ပြီးယင်းအခြေအနေမှာအားလျော့လာခြင်းမရှိသေးကြောင်းသိရသည်။

“ရာသီဥတုအနေကကောင်းမွန်လာခြင်းမရှိသေးတဲ့အတွက်ကြောင့်ရေတွေအပြည့်အဝပြန်မကျနိုင်တာဖြစ်ပါတယ်။” Mandiraကပြောကြားခဲ့သည်။ “တစ်ချို့နေရာတွေမှာတစ်ခါတစ်ရံရေပြန်ကျသွားတာရှိပေမယ့်မိုးဆက်တိုက်ရွာသွန်းနေတဲ့အတွက်အခြေအနေကပြန်ဆိုးလာပါတယ်။”ဟုလည်းထည့်သွင်းပြောကြားခဲ့သည်။

အာသံပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့(ASDMA)၏ပြောကြားချက်အရယခုထိကျေးရွာပေါင်း၅,၃၀၄ရွာမှာရေလွှမ်းမိုးနေကြောင်းပြီးခဲ့သော၃၇ရက်အတွင်းလယ်မြေ၂၅၉,၈၉၉ဒသမ၄၄ဟတ်တာကျော်ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

ပြည်နယ်အစိုးရသည်ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သောခရိုင်အားလုံးနီးပါးတွင်ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ကာဘေးဒဏ်သင့်ပြည်သူများအားအမိုးအကာများထောက်ပံ့ပေးရန်ဆောင်ရွက်ခဲ့သည်။လူအများစုသည်၎င်းတို့၏မိတ်ဆွေများနှင့်ဆွေမျိုးများ၏အိမ်များတွင်ခိုလှုံနေကြကြောင်းဒေသခံများကပြောကြားခဲ့သည်။

“ရေကြီးရေလျှံဖြစ်နေတဲ့နေရာတွေမှာပြည်နယ်နဲ့နိုင်ငံအဆင့်ဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ကပူးပေါင်းအဖွဲ့၃၈၄ခန့်ကကယ်ဆယ်ရေးဆောင်ရွက်မှုတွေလုပ်ဆောင်နေပါတယ်။အခုထိလူပေါင်း၈၁,၀၁၂ဦးကိုရွှေ့ပြောင်းပေးထားပြီးတော့လက်ရှိမှာရေဘေးသင့်သူတွေအတွက်ကယ်ဆယ်ရေးစခန်း၆၁၅ခုဖွင့်လှစ်ဆောင်ရွက်ထားပါတယ်။”ဟုMandiraကပြောကြားခဲ့သည်။

ဗဟိုအဆင့်ရေကော်မရှင်၏ပြောကြားချက်အဓိကမြစ်များအားလုံးစိုးရိမ်ရေမှတ်ကျော်လွန်နေကြောင်း၊ရေကြီးရေလျှံမှုကြောင့်လမ်းများ၊တာတမံများ၊မြေအောက်မြောင်းများ၊တံတားများရေတိုက်စားမှုများဖြစ်ပေါ်ခဲ့ပြီးနေရာများစွာတွင်လယ်မြေတိုက်စားမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

“အခုထိရေကြီးမှုကြောင့်လူနေအိမ်၆,၈၂၇လုံးလုံးဝပြိုကျပျက်စီးခဲ့ပြီးတော့နေအိမ်၃၂,၀၅၇လုံးကတစ်စိတ်တစ်ပိုင်းပျက်စီးမှုဖြစ်ခဲ့ပါတယ်။”ဟုMandiraကပြောကြားခဲ့သည်။

မိုးဆက်တိုက်ရွာသွန်းမှုကြောင့်ဇွန်၂ရက်မှဇူလိုင်၁၂ရက်ထိနေရာအများအပြားတွင်မြေပြိုမှုများဖြစ်ပွားခဲ့ပြီးလူ၂၆ဦးသေဆုံးခဲ့ကြောင်းတာဝန်ရှိသူများကပြောကြားခဲ့သည်။

ထိုအတောအတွင်း UNESCO ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်သည့်Kazirangaအမျိုးသားဥယျာဉ်၏၉၅ရာခိုင်နှုန်းကျော်သည်ရေလွှမ်းမိုးနစ်မြှုပ်နေသည်။တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးတာဝန်ရှိသူများကပြောကြားရာတွင်ရေကြီးမှုကြောင့်အနည်းဆုံးတောရိုင်းတိရစ္ဆာန်၁၂၃ကောင်မှာသေဆုံးသွားခဲ့ပြီးအခြားအကောင်၁၅၀အားကယ်ဆယ်နိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါKazirangaအမျိုးသားဥယျာဉ်သည်အိန္ဒိယနိုင်ငံ၌ကြံ့တိရစ္ဆာန်များနေထိုင်ကျက်စားရာနေရာကြီးတစ်ခုဖြစ်ပြီးခန့်မှန်းချေအိန္ဒိယကြံအကောင်ရေ၂,၂၀၀ကျော်ရှိကြောင်း၊ရေကြီးမှုကြောင့်ကြံ့တိရစ္ဆာန်၁၂ကောင်၊ဒရယ်၉၃ကောင်၊တောဝက်၇ကောင်နှင့်ကျွဲ၄ကောင်အပါအဝင်တိရစ္ဆာန်များသေကြေပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

အာသံပြည်နယ်သည် နှစ်စဉ် မိုးရာသီတွင် ရေကြီးမှုဒဏ်ကိုခံစားခဲ့ရကြောင်းသိရသည်။ (Xinhua)