Connect with us

WORLD

COVID-19 ပြန့်ပွားမည် စိုးရိမ်သဖြင့် ဘန်ကောက်မြို့ ၏ ကမ္ဘာလှည့်ခရီးသွား အထင်ကရ နေရာများတွင် ဆွန်ခရန် ရေကစားပွဲတော် မကျင်းပတော့ဟုဆို

ဘန်ကောက်မြို့၌ ၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သော ဆွန်ခရန် ရေကစားပွဲတော်အား တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ မတ် ၁၀ ရက်(ဆင်ဟွာ)

COVID-19 ရောဂါကူးစက်ပြန့်ပွားမည်ကို စိုးရိမ်သဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကမ္ဘာလှည့်ခရီးသွားများ အဓိက လာရောက်သည့် နေရာများတွင်  မူလက ဧပြီလလယ်တွင် ကျင်းပရန် စီစဉ် ထားသော နာမည်ကျော် ဆွန်ခရန်(Songkran)ရေကစားပွဲတော်ကို ကျင်းပတော့မည်ဟုတ်ကြောင်း အစိုးရ အဆင့်မြင့် အရာရှိ တစ်ဦးက မတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။ 

ဘန်ကောက်မြို့တော်စီမံခန့်ခွဲမှုအဖွဲ့(BMA) ပြောရေးဆိုခွင့်ရှိသူ Phongsakorn Kwanmuang က ထိုင်းနိုင်ငံသားများ နှင့် ပြည်ပမှ ပွဲတော်လာရောက်ဆင်နွှဲကြသူများအကြား COVID-19 ကူးစက်ဖြစ်ပွားနိုင်ချေတစ်ခု ရှိနေသဖြင့် မြို့တော်၏ အထင်ကရနေရာများတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော အလွန်ပျော်ရွှင်စရာကောင်းသည့် ဆွန်ခရန်ရေကစားပွဲတော်ကို ဖျက်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ကမာ္ဘလှည့်ခရီးသည်များ အလည်အပတ်များသည့် Khaosan လမ်း ၊ Silom လမ်း နှင့် Ratchaprasong လမ်းဆုံနေရာများ အပါအဝင် ဘန်ကောက်မြို့၏ အထင်ကရ နေရာအချို့တွင် ဆွန်ခရန်ပွဲတော်ကို လာမည့် ဧပြီလတွင် အခြားပုံစံတစ်မျိုးဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း BMA ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။ 

ထို့အပြင် BMA ပြောရေးဆိုခွင့်ရှိသူက ပွဲတော်လာရောက်ဆင်နွှဲကြသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦးအကြား ရေများစွာ အပြန်အလှန် ပက်ဖြန်းခြင်းမှတဆင့် ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်နှံ့မှုကို တွန်းအားပေးသကဲ့သို့ဖြစ်မည်ကို စိုးရိမ်ရကြောင်း ၊ ဘန်ကောက်မြို့အတွင်းရှိ ပုဂ္ဂလိကကဏ္ဍအနေဖြင့်လည်း ၎င်းတို့၏ရေကစားပွဲတော် အစီအစဉ်များကို ဖျက်သိမ်းသွားရန် တောင်းဆိုထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပြီးခဲ့သောနှစ်များတွင် ထိုင်းနိုင်ငံတစ်ဝန်းရှိ ပြည်နယ်အားလုံး၌ ထိုင်းပြည်သူများ နှင့် ကမ္ဘာလှည့်ခရီးသွားများ ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ကြသည့် ရေကစားပွဲတော်ကို ငါးရက်တိုင်တိုင် ကျင်းပခဲ့ရာ ယင်းမှာ ထိုင်းနိုင်ငံ၏ အရှည်လျားဆုံး အားလပ်ရက် ပွဲတော်တစ်ခုအဖြစ်တည်ရှိခဲ့ကြောင်း သိရသည်။(Xinhua)